တောင်ကြီးတွင် လျှပ်စစ်မီးပြန်ရပြီး ရေတင်သော်လည်း ရေများနှောက်၍ အသုံးပြု၍မရသေး
…………………………….
ခမ်းသားငေါဝ်၊
ဧပြီ ၃ ၊ ၂၀၂၅
https://www.facebook.com/share/p/1BTAUwNq8V/
တောင်ကြီးမြို့တွင် လျှပ်စစ်မီးပြန်ရ၍ ရေတင်သော်လည်း ရေများနှောက်နေသဖြင့် အသုံးပြုမရ ဖြစ်နေကြောင်း စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်၌ အင်အားပြင်းငလျင်ကြောင့် (၅)ရက်တာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ရေများပြတ်လပ်ကာ ရေကားတစ်စီး ကျပ်(၄သောင်း)ပေး၍ ဝယ်ယူသုံးစွဲနေရပြီး ယခုရက်ပိုင်း လျှပ်စစ်မီး ပြန်လည်ရရှိသော်လည်း ရေတင်ရာတွင် ရေများနှောက်နေ၍ သုံးစွဲမရဖြစ်နေသည်။
“မနေ့ညက မီးပြန်လာတော့ ရေတင်တာ ရေတွေက အရောင်ပြောင်းကုန်တာ။ မနေ့ည ကတည်းက တင်ထားတာ ခုထိ ပုံမှန် ပြန်မဖြစ်သေးဘူး။ကြည်လာမလားလို့ စောင့်သေးတာ မကြည်လာတော့ဘူး။ အဲကြောင့် အကုန်ပြန်သွန်လိုက်ရတာ။” ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
ထို့အပြင် တောင်ကြီးမြို့ အဝီစိတွင်း အသုံးပြု၍ ရေရောင်းနေသူများမှာလည်း ရေတွင်းအားလုံးနီးပါး နုံးများဖြင့် ပိတ်ဆို့နေသောကြောင့် ရေတင်၍ မရကြောင်း ရေရောင်းသမားများထံမှ သိရသည်။
ရေကားမောင်းသူ တစ်ဦးက“မီးပြတ်တုန်းကဆို ရေတွေ မှာကြတာ အများကြီးပဲ။ဒါပေမဲ့ အကုန်မပို့နိုင်ခဲ့ဘူး။ မှာသလောက် ပို့လို့မရဘူး။ဘာလို့ဆို ရေတွေက နောက်ကုန်တော့ အဆင်မပြေ ဖြစ်ကုန်တာ။ အဲတုန်းကဆို တော်တော် ဒုက္ခရောက်ခဲ့တာ။” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့မှ လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် တောင်ကြီးမြို့တွင် တိုက်ပြိုခြင်း၊ ကျောက်တုံးလိမ့်ကျခြင်းအပါဝင် လျှပ်စစ်မီးပြတ်တောက်သွားခဲ့သည်။
ယခုလက်ရှိတောင်ကြီးမြို့တွင်ငလျင်ဘေးဒဏ် ကျရောက်နေချိန် သင်္ကြန်အတွက် အကတိုက်မှုများ လုပ်ဆောင်နေပြီး ရှင်လောင်းပွဲများလည်း လုပ်ဆောင်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း (၃၀၀၃) ဦးအထိရှိလာပြီး ဒဏ်ရာရသူ (၄၅၂၁)ဦးရှိကာ ပျောက်ဆုံးစာရင်း (၄၄၁)ဦး ရှိသည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
PPV008
ပုံ-အွန်လိုင်း
#တောင်ကြီးမြို့
#လျှပ်စစ်မီးပြန်ရ
#ရေတင်သော်လည်းရေများနှောက်
#အသုံးပြုမရ
#ငလျင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7