စစ်ကောင်စီနည်းတူ KIO/KIAလည်း ထိုးစစ်ဆင်ရေး ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်
……………………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅

https://www.facebook.com/share/p/1BjzGeALip/

ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA သည် ထိုးစစ်ကို ဧပြီလ(၂)ရက်နေ့မှ (၂၂)ရက်အထိ ယာယီရပ်မည် ဖြစ်ကြောင်း ဧပြီလ(၂)ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ထုတ်ပြန်ခြင်းသည် မတ်လ(၂၈)ရက်က ကြီးမားသည့် ငလျင်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းကို KIO/KIA အနေဖြင့် နားလည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KIO/KIA အနေဖြင့် အပစ်ရပ်ထားသည့် ကာလအတွင်း ခုခံခြင်းမှလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပိုဒ်(၄)မှာ ပါသည့် အကြောင်းအရာအချက်အလက်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များသာမက မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက် အပိုဒ်(၄)တွင် “ထုတ်ပြန်ကြေညာထားသည့် ကာဘအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုရန်နှင့် ဆောင်ရွက်လာပါက တုန့်ပြန်မှုကို ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ ငလျင်‌ဘေးသင့် ပြည်သူများအတွက် ကူညီနိုင်ရန် အာရက္ခတပ်တော်(AA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဧပြီလ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာထားသည်။

ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း ဧပြီလ(၁)ရက်နေ့မှ စပြီး(၂)ပတ်ကြား အပစ်ရပ်ကြောင်း ကြေညာထားသည်။

စစ်ကောင်စီသည် ဧပြီလ(၂)ရက်နေ့မှာ အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း ဧပြီလ(၃)ရက် နံနက်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ဆူညံနေကြောင်း Tachileik News Agency သတင်းဌနတွင် ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီသည် အင်အားပြင်းငလျင်စဖြင့်သည့် မတ်လ(၂၈)ရက်မှ ဧပြီလ(၁)ရက်နေ့အထိ နေရာပေါင်း(၁၁)နေရာကို လေကြောင်းတိုက်ခိုက်မှု (၃၂)ကြိမ် တိုက်ခိုက်မှုကြောင့် အရပ်သား(၅၀)ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

PPV0011
ပုံ-အွန်လိုင်း
#စစ်ရေး
#သဘာဝဘေး
#ကချင်လွတ်မြောက်ရေးတပ်မတော်
#KIO/KIA
#ထိုးစစ်ကိုယာယီရပ်မည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7