ငလျင်သင့်ပြည်သူများအတွက် ရန်ပုံငွေ မတည်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း (PERT) ဆို
………………………………………….

ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅

https://www.facebook.com/share/p/1HRghWPzza/

ရှမ်းတောင်ဒေသနှင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ (PERT) အနေဖြင့် ရန်ပုံငွေ မတည်၍ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဧပြီလ(၂)ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အလှူငွေ မတည်ရင်း အခြားအလှူရှင်များထံမှလည်း လက်ခံ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လုပ်‌ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

“ကျနော်တို့ လောလောဆယ်တော့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးကနေ ရန်ပုံငွေ မတည်ပြီး ရှမ်းတောင်ကော အခြားနေရာတွေကိုလည်း အကူအညီတွေ ပေးသွားမှာဖြစ်တယ်” ဟု ပအိုဝ်းအရပ်ဖက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ငလျင်ဘေးသင့် ပြည်သူများကို ကူညီပေးသည့် အစီအစဉ်အနေဖြင့် (၂)မျိုးခွဲပြီး ကူညီဆောင်ရွက်ပေးမည် ဖြစ်သကဲ့သို့ နောက်ပိုင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအတွက်ပါ ကူညီပေးဖို့ရှိကြောင်း သိရသည်။

“ကူညီပေးတဲ့နေရာမှာတော့ ၂ မျိုးရှိမှာပေါ့နော် လက်တလော အရေးပေါ်အကူအညီတွေဖြစ်တဲ့ ဥပမာ ဆန်ဆီဆေးဆား သောက်သုံးရေ တွေကို အရေးပေါ်အကူအညီအနေနဲ့ ပေးသွားမယ်။ ပြီးရင်တော့ နောက်ပိုင်း ပြန်လည်ထူထောင်ရေး အတွက် လိုအပ်နိုင်တဲ့ အဆောက်အအုံ ပြင်ဆင်ဖို့အတွက် ကုန်ကျစရိတ်တွေကိုလည်း ကူညီပေးသွားဖို့ အစီအစဉ်တွေရှိပါတယ်။ ကိုယ့်ဝန်ဆောင်မိခင်နဲ့ကလေးတွေအတွက်လည်း သီးသန့် ကူညီပေးမှုတွေကိုလည်း ထည့်သွင်းစဉ်းစားထားပါတယ်” ဟုတာဝန်ရှိသူက ခမ်းသားငေါဝ်းကို ပြောသည်။

မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် အဆောက်အဦးပြိုကျ ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး ပြည်သူများထိခိုက်သေဆုံးသူ (၃၇၅၆)ဦးကျော်နှင့် ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းအနေဖြင့် ငလျင်ဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ရာတွင် မြေပြင်အချက်အလက်ရရှိဖို့ အချိန်ယူရသည့် အခက်ခဲရှိပြီး ထိုအတွက် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

ထို့ပြင် ရှမ်းတောင်ဒေသ ညောင်ရွှေ၊ အင်းလေး၊ ပင်လောင်းနှင့် အောင်ပန်းမြို့တို့တွင်လည်း ငလျင်ကြောင့် ထိခိုက်သေဆုံးသူ (၁၅၁) ဦးရှိပြီး နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ငလျင်ဒဏ်သင့်ပြည်သူများသို့ နိုင်ငံတကာအလှူရှင်များနှင့် ပြည်တွင်းအလှူရှင်များ အနေဖြင့် အကူအညီများပံ့ပိုးရာတွင် ထိရောက်မှုရှိစေရန် သက်ဆိုင်ရာဒေသရှိ အဖွဲ့အစည်းများမှတဆင့် တိုက်ရိုက် အကူအညီများ ပေးရန်နှင့် ပြည်သူမှပြည်သူသို့ အကူအညီများပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။

တစ်ဖက်မှာလည်း စစ်ကောင်စီသည် နိုင်ငံတဝန်းရှိ ပြည်သူများ ငလျင်ဒဏ်ခံစားနေရချိန် ပြည်သူများအား လေကြောင်းဖြင့် ရက်ရက်စက်စက် ဗုံးကျဲ တိုက်ခိုက်ခြင်း ဆက်လက်ကျူးလွန်နေသည့်အပြင် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုရှိနေ‌ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငလျင်သင့်ပြည်သူများအတွက် ပြည်သူလူထုများ၊ ပြည်တွင်း ပြည်ပရှိ ပအိုဝ်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာရောက် ပအိုဝ်းပြည်သူလူထုများအနေဖြင့် ငလျင်ဘေးသင့် ပြည်သူလူထုများအတွက် ဝိုင်းဝန်း ပါဝင်လှူဒန်းပေးကြရန် ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းများမှ တိုက်တွန်းနှိုးဆော်ထားသည်။

PPV0011
ပုံ-PERT
#သဘာဝဘေး
#ရှမ်းတောင်ဒေသ
#မြန်မာနိုင်ငံတဝှမ်း
#ငလျင်ဘေးဒဏ်သင့်ပြည်သူများ
#ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ
#PERT
#ရန်ပုံငွေမတည်ကူညီပံ့ပိုးပေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7