ငလျင်ဘေးကြုံတွေ့နေသည့် မြောက်ထီဗွာရွာတွင် အင်တာနက်လိုင်းအခက်အခဲကြောင့် အကူအညီများမရရှိသေး
…………………………………………..

ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅

https://www.facebook.com/share/p/18kSzzdRk8/

ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာရွာတွင် ငလျင်ဒဏ်ကြောင့်ဒေသခံနေအိမ်များ ထိခိက်ပျက်စီးရပြီး ယခုချိန်ထိအကူအညီများမရရှိသေးကြောင်း ဧပြီလ(၃)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီဗွာကျေးရွာအုပ်စု၊ မြောက်ထီဗွာရွာတွင် မတ်လ(၂၈)ရက်နေ့၌ လှုပ်ခတ်သွားသည့်ငလျင်ကြောင့် ဒေသခံနေအိမ်(၃၀)နီးပါးပျက်စီးသွားသဖြင့် အကူအညီများလိုအပ်နေသည်။

“ကျွန်တော်တို့ထီဗွာရွာဘက်မှာကတော့ အင်တာနက်လိုင်းတွေအဆင်မပြေဘူး၊ ဖုန်းလိုင်းတွေဆိုလည်း နေရာတိုင်းမမိတော့အခက်အခဲတွေတော့အများကြီးရှိတယ် အခုလောလောဆယ်အိမ်တွေလုံးဝပျက်စီးသွားတာ ကတော့ (၆)အိမ်ရှိတယ်၊ အက်သွားတာတို့ နဲနဲပဲပျက်စီးပြီး ယာယီနေထိုင်လို့ရသေးတဲ့ဟာဆိုရင် (၂၂)အိမ်ရှိတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ငလျင်ဒဏ်ကြောင့် ထီဗွာရွာသို့ English Speakingလာသင်ပေးသည့် ဆရာမတစ်ဦး ခြေထောက်၌ ထိခိုက်ဒဏ်ရာရှိသွားပြီး ကလေးအမေတစ်ဦးသည်လည်း ဦးခေါင်းပေါ် အုတ်ခဲပြုတ်ကျမှုကြောင့် ခေါင်းဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာအခြေနေက နှစ်ဦးစလုံးမစိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင်ငလျင်ဒဏ်ကြောင့် ရွာထဲရှိစာသင်ကျောင်းလည်းထိခိုက်မှုရှိနေပြီး ဆောက်လုပ်ပြီးစီးတာမကြာသေးသည့် ဘုန်းကြီးကျောင်းလည်း ထိခိုက်မှုရှိနေကြောင်း သိရသည်။

“အခုဆိုရင်ငလျင်ဒဏ်ခံနေရတဲ့ စစ်ကိုင်းတို့ မန္တလေးတို့ဘက်မှာဆိုရင် နိုင်ငံတကာတွေလာရောက် ကူညီပေးတာမြင်ရတော့ဝမ်းသာပါတယ်၊ အခုကျွန်တော်တို့ပအိုဝ်းဒေသ ပင်လောင်းဘက်မှာဆိုရင် အင်တာနက်လိုင်းတွေလည်းမရတော့ အခက်အခဲအများကြီးရှိပေမဲ့ အလှူရှင်တွေကမသိကြဘူး အလှူရှင်တွေရှိရင်လည်း ကျွန်တော်တို့ဒေသဘက်မှာ လာကူညီပေးပါအုန်းလို့ပြောချင်ပါတယ်” ဟု၎င်းကဆက်ပြောသည်။

ထီဗွာရွာတွင် ငလျင်လှုပ်ပြီးနောက်တစ်ရက်၌ PNOမှ အုပ်ချုပ်ရေးမှူးများ လာရောက်ကြည့်ရှု့ကာ စာရင်းလာကောက်ယူသွားပြီး ကူညီထောက်ပံ့ပေးမည်ဟုဆိုကာ ယခုချိန်ထိတိုင် အကူအညီလာရောက်ပေးခြင်း မရှိသေးကြောင်း၎င်းကပြောသည်။

ကူညီပေးမည့်အလှူရှင်များရောက်လာခြင်းမရှိသဖြင့် ထီဗွာရွာသူရွာသားများက ကိုယ်ထူကိုယ်ထဖြင့် နေအိမ်ဖြိုဖျက်နေရပြီး ငွေရေးကြေးရေးအဆင်မပြေသည့်ဒေသခံများက အခြားသူများထံ ပိုက်ဆံချေးကာ ဆောင်ရွက်နေရကြောင်း သိရသည်။

#PPV007
#Photo: Onlin
#သဘာဝဘေး
#ပင်လောင်းမြို့နယ်
#ထီဗွာကျေးရွာအုပ်စု
#မြောက်ထီဗွာရွာ
#ငလျင်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7