ငလျင်ကြောင့်တောင်ကြီးအိုးရှင်းစင်တာ တိမ်းစောင်း ခြင်းမရှိကြောင်းနှင့် လိုင်စင်ရ အင်ဂျင်နီယာများ လာရောက် စစ်ဆေးနိုင်ကြောင်း ဖိတ်ခေါ်
………………….
ခမ်းသားငေါဝ်း
ဧပြီ ၃၊ ၂၀၂၅
https://www.facebook.com/share/p/16D37sWhP1/
အင်အားပြင်း ငလျင်ဒဏ်ကြောင့် တောင်ကြီးအိုးရှင်း စင်တာ တိမ်းစောင်းခြင်းမရှိကြောင်းနှင့် လိုင်စင်ရ အင်ဂျင်နီယာများ လာရောက် စစ်ဆေးနိုင်ကြောင်း CitySquare Shopping Center မှ ဖိတ်ခေါ်ထားသည်။
ဧပြီလ ၃ ရက်တွင် ယင်း ထုတ်ပြန်ချက်ကို အသိပေးခဲ့ပြီး အဆောက်အဦးကြံ့ခိုင်မှုနှင့်ပတ်သက်၍ သံသယ တစ်စုံတစ်ရာရှိပါက မည်သူမဆို သက်ဆိုင်ရာ လိုင်စင်ရ ကျွမ်းကျင်ပညာရှင်များနှင့်တကွ လာရောက်စစ်ဆေးနိုင်ပါရန် ကြိုဆိုလျက်ရှိပါကြောင်း ဖိတ်ခေါ်ထားသည်။
City Square Shopping Center သည် စတင်တည် ဆောက်စဉ်ကတည်းက သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ရန် Foundation, Structure များကို ပုံမှန်ထက်သာလွန်ရန်အဘက်ဘက်မှ တွက်ချက်တည်ဆောက်ထားသော အဆောက်အဦးဖြစ်ပြီး၊ ငလျင်သတ်မှတ်ချက်အရ Zone (4) တွင်ပါရှိသော တောင်ကြီးမြို့ ငလျင်ပြင်းအားကိုပင် ယခုကဲ့သို့ ကြံ့ကြံ့ခံနိုင်ခဲ့ပါကြောင်း ဆိုသည်။
Centerသို့ PE License ရ ကျွမ်းကျင်အင်ဂျင်နီယာများ၊ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာမှ အင်ဂျင် နီယာများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်း (ရှမ်းပြည်နယ်) မှ ပညာရှင်များမှ မြေပြင်သို့ ကွင်းဆင်းလာရောက်ကြည့်ရှုစစ်ဆေးပြီးနောက် အဆောက်အဦး၏ ပင်မ Structure ၌ တစ်စုံတစ်ရာထိခိုက်ခြင်းမရှိဘဲ ပင်မ Beam ပင်မတိုင်ဖြင့် တွဲလျက်မရှိသော Cantilever Beam နှင့်တွဲလျက်ရှိသော အပြင်နံရံများ၌သာ ပလာစတာနှင့် အုတ်အချို့အက်ကြောင်းပေါ်ခဲ့ခြင်းလောက်သာ ဖြစ်ပွါးခဲ့ပါ ကြောင်း ၎င်းတို့က ဆိုထားသည်။
အဆောက်အဦး၏ Foundation တူးဖော်ရာတွင် ရေကန်အနက်မြေသား ၁၂’ နှင့် ကျောက်သား ၁၈’ စုစုပေါင်း ပေ ၃၀ ခန့်တူး၍ ကျောက်သားပေါ်တွင်သာ ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ ပြင်းထန်သော ငလျင်ဒဏ်အား ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်ကြောင်းလည့း ဆိုသည်။
အဆောက်အဦး၏ တိမ်းစောင်းမှုရှိ၊မရှိ ကျွမ်းကျင်သော Surveyor မှ Total Station ဖြင့် စစ်ဆေးရာတွင်လည်း အဆောက်အဦး တိမ်းစောင်းသွားခြင်းမရှိကြောင်း၊ တိမ်းစောင်းမှုမရှိသည့် သက်သေအားဖြင့် ဓာတ်လှေကားများ၊ စက်လှေကားများအားလုံး ချောမွေ့စွာ အထစ်အငေါ့မရှိ ပုံမှန်အလုပ်လုပ်လျက်ရှိသည်ကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့ပြင် စက်ကိရိယာများဖြင့် စစ်ဆေးလျက်ရှိပြီး စစ်ဆေးမှုရလဒ်များကိုလည်း ပွင့်လင်းမြင်သာစွာ တင်ပေးသွားမည် ဟုလည်း ထုတ်ပြန်ပြောဆိုထားသည်။
“တကယ်တမ်း အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ ပေါ့သေးသေး သွားလုပ်လို့မရဘူး။ လုပ်တဲ့သူပဲ တာဝန်ခံ ရပါမယ်။ ဒါက ငလျင် လှုပ်တဲ့ သဘာ၀ဘေးကိစ္စဖြစ်တာပါ။ ကြိတ်ကုစရာ မလိုပါဘူး ၊ ဟိုဘက်စောင်းသွားပြီ ၊ မြေကျွံတာတွေ ရှိတယ် စသဖြင့် ပြောတာတွေလည်းရှိတယ်။”ဟု မြို့ခံ တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့ခံ များသည် အိုးရှင်းစင်တာတွင် စျေးရောင်း၊ စျေးဝယ်ရမည်ကို စိုးရိမ်မှု ရှိကြောင်း ဝေဖန်နေကြခြင်း ဖြစ်ပြီး ၊ တိကျသော စမ်းသပ်ချက် ရလဒ်များကိုလည်း ထုတ်ပြန်ပေးသွားရန် တောင်းဆိုထားခြင်း ဖြစ်သည်။
City Square Shopping Center မှ ဧပြီလ(၁) ရက်နေ့တွင် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ Column တိုင်များကို concrete rebound စစ်ဆေးခြင်း ၊ ဧပြီလ (၂) ရက် တွင် column တိုင်များ ၊ slab များ အတွင်းကြေမွခြင်းရှိ၊ မရှိကို Ultrasonic စက်များဖြင့် စစ်ဆေးခြင်း တို့ကို ဓါတ်ပုံမှတ်တမ်းများဖြင့် တကွ ဖော်ပြလာခြင်း ဖြစ်သည်။
#PPV-006
#အိုးရှင်း
#CitySquare
#တောင်ကြီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။