ငလျင်သင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာဝင်များ ဆုတောင်းခြင်းနှင့်၊ အလှူငွေကောက်ခံခြင်းများ ပြုလုပ်
………………….
ခမ်းသားငေါဝ်း
မတ်လ ၃၁၊ ၂၀၂၅
https://www.facebook.com/share/p/1AURNmWQvY/
အစ္စလာမ်ဘာသာဝင်များ၏ အမြင့်မြတ်ဆုံးနေ့တွင် ပျော်ပွဲရှင်ပွဲမပြုလုပ်ဘဲ ငလျင်ဘေးသင့် ပြည်သူများအတွက် အစ္စလာမ်ဘာသာဝင်များက အီးဒ်နမာဇ်ရွတ်ဖတ် ပူဇော် ဆုတောင်းခြင်းနှင့် ငလျင်သင့် ဒေသသို့ လှူတန်းရန် အလှူငွေကောက်ခံခြင်းကို မတ်လ(၃၁)ရက် နံနက်(၇)ခွဲတွင်လားရှိုးမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစ္စလာမ်ဘာသာဝင်များ၏ အမြင့်မြတ်ဆုံး ဥပုလ်လပြီးသည့်နောက် ကျင်းပမြဲဖြစ်သော အီးဒ်ပွဲတော်ကို လားရှိုးမြို့ရှိ ဘူတာဗလီ၊ လားရှိုးကြီးဗလီ၊ ရပ်ကွက်(၇)ဝတ်ပြုဆောင်၊ ဈေးကြီးဂျာမေးဗလီတို့တွင် ငလျင်ဘေးသင့် ပြည်သူများအတွက် ကြေကွဲဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်းမရှိဘဲ ဆုတောင်းခြင်း၊ အလှူငွေကောက်ခံခြင်းသာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီမှာအေးချမ်းစွာ ဝတ်ပြုနိုင်ပေမဲ့ ငလျင်ဘေးသင့်ဒေသက ပြည်သူတွေအတွက် အထူးစိတ်မကောင်း ဖြစ်ရပါတယ်၊ မန္တလေးမှာဆို ဗလီတွေပြိုကုန်တယ်လေ၊ ဗလီကျောင်းတော်တွေရဲ့သက်တမ်းက နှစ်ပေါင်းရာနဲ့ ချီနေပြီ၊ ငလျင်ဒဏ်ဘယ်ခံနိုင်ပါ့မလဲဗျာ၊ ငလျင်လှုပ်တဲ့အချိန်ကလည်း ဥပုလ်လဆိုတော့ ဗလီမှာလူများတယ်လေ၊ မတွေးရဲစရာပါပဲဗျာ၊ အဲ့ဒါကြောင့်ဒီမှာ ဝတ်ပြုဆုတောင်းတာရယ် အလှူငွေကောက်ခံတာရယ်ပဲ လုပ်ဖြစ်မှာပါ၊ ပျော်ပွဲရွှင်ပွဲတော့ မလုပ်တော့ဘူးခင်ဗျ”ဟု ဝတ်ပြုပူဇော်ပွဲသို့တက်ရောက်လာသည့် အစ္စလာမ်ဘာသာဝင် အမျိုးသား(၁)ဦးက ဖြေကြားကြောင်း လားရှိုးပြည်လည်ထူထောင်ရေးက ဖော်ပြထားသည်။
အထူးဒေသ(၁)လားရှိုးမြို့ရှိ အစိုးရအဖွဲ့များအပြင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ငလျင်ဘေးသင့် ပြည်သူများထံလှူတန်းနိုင်ရန် အခက်ခဲများစွာကြားက နည်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင်မတ်လ(၂၈)ရက် နေ့လည် (၁၂)နာရီ (၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်က ၇.၇ပြင်းအားရှိသော ပြင်းထန်ငလျင်ဖြစ်ပွားခဲ့ပြီးနိုင်ငံတဝှမ်း ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သည်။
#PPV0011
#လူသားချင်းစာနာထောက်ထားမှု
#လားရှိုး
#အစ္စလာမ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။