ငလျင်အန္တရာယ်အသိပညာပေး

မတ်လ၊ ၂၈ရက်။
(Fact Check) DNA/ The Red Flag

ငလျှင်မလှုပ်ခင်၊ ငလျှင်လှုပ်နေစဥ်နဲ့ ငလျှင်လှုပ်ပြီးနောက် သတိထားလိုက်နာရမယ့်အချက်များ။

ငလျင်လှုပ်နေချိန်မှာ အန္တရာယ်ကင်းကင်းနေနိုင်ဖို့ အောက်ပါအချက်တွေကို သတိထားလိုက်နာ ဖို့လိုအပ်ပါတယ်၊။

အကယ်၍ သင်ဟာငလျှင်လှုပ်နေစဥ် အိမ်တွင်းမှာရှိနေခဲ့ရင်

– ပထမ ဆုံးအနေနဲ့ စိတ်မလှုပ်ရှားပါနဲ့ ၊ငြိမ်ငြိမ်လေးနေပြီး အကာအကွယ် ယူကာ ဝပ်နေပါ။

– အဆောက်အဦးအတွင်းက ပြတင်းပေါက်၊ မှန်ချပ်တွေနဲ့ ကွဲရှနိုင်တဲ့ ပစ္စည်းတွေနဲ့ ခပ်ဝေးဝေးနေပါ။

– မိမိပေါ်ကို ပြိုကျ နိုင်တဲ့ ပစ္စည်းတွေနဲ့လဲ ဝေးဝေးနေပါ။

– မီးလောင်လွယ်တဲ့ ပစ္စည်းတွေ နှင့် လောင်စာဆီတွေရဲ့ အနီးမှာလည်း မနေပါနဲ့။

– စားပွဲအောက်မှာနေခြင်း၊ Safety Triangle ဖြစ်စေတဲ့နေရာတွေမှာနေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။

– အထပ်မြင့်တိုက်တွေ အပေါ်ရောက်နေခဲ့ရင် တိုက်အောက်ကို ဆင်းဖို့မကြိုးစားပါနဲ့ (လူပိနိုင်တာကြောင့်မလို့ပါ)။

– ငလျင်မတိတ်ခင်အထိ အပြင်မထွက်ပါနဲ့ ။(အမိုး၊ အုတ်စီတွေ ပြုတ်ကျနိုင်လို့ပါ)။

ငလျင်လှုပ်တဲ့အခါ အပြင်ရောက်နေပါက

– မိမိပေါ်ပြုတ်ကျ ပြိုကျနိုင်တဲ့ အရာတွေနဲ့ ဝေးဝေးနေပါ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးနေပါ။

– ဘောလုံးကွင်း (သို့) အားကစားကွင်းလို ဘာမှမရှိတဲ့ ဗလာနေရာတွေကို ရောက်အောင်သွားပါ။

ကားမောင်းနေစဥ်ငလျှင်လှုပ်လာခဲ့ပါက

– ကားမောင်းနေတဲ့အခါမျိုး ဆိုရင် ကားကို ရအန္တရာယ်ကင်းတဲ့ လမ်းဘေးတစ်နေရာမှာ ချက်ချင်းရပ်ထားပါ။

– ဂုံးတံတားအောက် သစ်ပင်အောက် မီးကြိုးများနှင့် ဆိုင်းဘုတ်များအောက်တွင်လည်း ကားရပ်မထားပါနဲ့။

– တံတားပေါ် ဖြတ်သန်းမောင်းနှင်ခြင်းမပြုပါနဲ့။

– ငလျင်ပြီးတဲ့အထိကားပေါ်မှာ ငြိမ်ငြိမ်နေပေးပါ။

ငလျှင်လှုပ်ပြီးနောက် သိထားရမည့်အချက်များ

– ငလျင်ပြီးသွားတဲ့အခါ မိမိမှာ ဒဏ်ရာ ရ မရ စစ်ဆေးပါ။ဒဏ်ရာရခဲ့ရင် လိုအပ်တဲ့ ကုသမှုတွေခံယူပါ။

– တိုက်အမြင့်ပေါ်ရောက်နေခဲ့ရင် ဓာတ်လှေခါးသုံးခြင်းကို ရှောင်ပါ။( ရိုးရိုးလှေကားကို အသုံးပြုပါ)

– သူများကိုကူညီပါ (မိမိဘေးကင်းတဲ့အခါမှသာ)

– မီးခြစ်မသုံးပါနဲ့ (ဓာတ်ငွေ့ယိုနိုင်လို့ မီးမွှေးရင် ပေါက်ကွဲနိုင်တယ်)။

– သတင်းအချက်အလက်နားထောင်ပါ ( အစိုးရထုတ်ပြန်ချက် ၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့သတင်းဌာနမှ သတင်းများ )

– သတင်းနဲ့ အရေးပေါ်ညွှန်ကြားချက်တွေကို ဂရုစိုက်လိုက်နာပါ။

– လိုအပ်ပါက ကူညီကယ်ဆယ်ရေး အဖွဲ့များထံ ဆက်သွယ်အကူညီတောင်းခံပါ။
( အရေးပေါ်ဖုန်းနံပါတ်များ (မြန်မာနိုင်ငံ)
အရေးပေါ် ရဲတပ်ဖွဲ့ – 199
မီးသတ် – 191
အရေးပေါ်ဆေးဘက်ဆိုင်ရာ – 192)

– နောက်ဆက်တွဲငလျင်ငယ်တွေအတွက် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားပါ။

ငလျှင်မလှုပ်ခင်ပြင်ဆင်ထားရမည့်အချက်များ

– ငလျှင်ကြီး လှုပ်ပြီးတဲ့နောက် ငလျှင်ငယ်လေးတွေ ဆက်တိုက်ဖြစ်ပေါ်တက်ပါတယ်။ငလျှင်မလှုပ်ခင် ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

– လေးလံတဲ့ပစ္စည်းတွေကို အမြင့်မှာ မထားပါနဲ့။ (ပြုတ်ကျလာတဲ့ အခါ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်)

– ပြတင်းပေါက် ၊ အိမ်တံခါးအနီးမှာ အိပ်စက်ခြင်းမပြုပါနဲ့။

– အိပ်ယာ ၊ဆိုဖာ အနီးမှာ မှန်ဘောင်တွေ၊ ပန်းချီတွေကို ချိတ်ဆွဲမထားပါနဲ့။

– အိမ်ရဲ့ခြစားထားတဲ့အပိုင်တွေ နဲ့ မခိုင်ခံ့တဲ့နေရာတွေကို ပြန်လည်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

– ဓာတ်ငွေ့/ရေ/မီးခလုတ်ပိတ်နည်းတွေကို မှတ်သားထားဖို့လိုအပ်ပါတယ်။
(ဓာတ်ငွေ့ : ဓာတ်ငွေ့အနံ့ရရင် ပိုက်ပိတ်ခလုပ်ကို ဝက်အူလှည့်နှင့်ပိတ်ပါ။)

* ရေ : ပိုက်အဓိကပိတ်ခလုပ်တည်နေရာကိုသိထားပါ။

* မီး : မီး မိန်းခလုပ်တည်နေရာကိုမှတ်ထားပါ။

* မိသားစုအရေးပေါ်အစီအစဉ်ရေးဆွဲထားပါ

• စုဝေးရန်နေရာ : အိမ်အတွင်း (ခိုင်မာတဲ့စားပွဲအောက်) + အပြင် (ဘေးကင်းတဲ့ခြံဝန်း၊ဥယျာဉ်)။
• ဆက်သွယ်ရန် : မြို့ပြင်ရှိဆွေမျိုးတစ်ဦးကို အဆက်အသွယ်အဖြစ်သတ်မှတ်ပါ။ (ဖုန်းလိုင်းများပိတ်နိုင်တာကြောင့်ပါ)။အကယ်၍ဆွေးမျိုးမရှိခဲ့ရင် ဘေးလွတ်ရာနေရာနှင့် ပြောင်းရွှေ့သွားလာဖို့လမ်းကြောင်းတွေကိုသိထားပါ။
• လေ့ကျင့်ခန်း : ငလျှင်ဖြစ်လာခဲ့ရင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
• အထူးလိုအပ်ချက် : ကလေး၊ သက်ကြီး၊ အိမ်မွေးတိရစ္ဆာန်တွေအတွက် အစီအစဉ်လုပ်ပါ။

* အရေးပေါ်အသုံးအဆောင်အိတ် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

• ရေ : တစ်ဦးလျှင် တစ်နေ့လျှင် ၄ လီတာ (အနည်းဆုံး ၃ ရက်စာ)ထည့်ထားပါ။
• စားနပ်ရိက္ခာ : ကြာရှည်ခံအစားအစာများ (ဘူးသီး၊ ဘီစကွတ်၊ သစ်သီးခြောက်)ထုတ်ပိုးထားပါ။
• အရေးပေါ်ဆေးအိတ် : ပတ်တီး၊ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ နာတာရှည်ဆေးများ ကြိုတင်စုဆောင်းထားပါ။
• အသုံးအဆောင်များ : ဓာတ်မီး၊ ဘက်ထရီအပို၊ လေချွန်တံ၊ ဖုန်းအားသွင်းကြိုး အပို ယူထားပါ။
• အရေးကြီးစာရွက်စာတမ်းများ : မှတ်ပုံတင်နံပါတ်၊ အာမခံစာချုပ်၊ ဘဏ်စာရွက်များ (ရေမစိုအိတ်ထဲထည့်ပါ)
• ငွေသား : ငလျင်ဖြစ်ပြီးနောက် ATM အလုပ်မလုပ်နိုင်တာကြောင့် ငွေသားထုတ်ယူထားပါ။
(အရေးပေါ်အိတ်ကို အိမ်၊ ကား၊ ရုံးတို့ရဲ့ အလွယ်တကူသယ်လို့ရနိုင်မယ်နေရာမှာ ထားပါ။)
ရေးကြီးအချက်များ
• မိသားစုဝင်တိုင်း အရေးပေါ်ထွက်ပြေးလမ်းကြောင်း သိထားရန်။
• အရေးပေါ်ဖုန်းနံပါတ်များ (စာရွက်၊ဖုန်း) မှတ်ထားပါ။
______________________________________

☑️ သတိပြုရန်:

• မိမိနှင့် မိသားစုအတွက် ငလျှင်မဖြစ်မီ အရေးပေါ်အစီအစဉ် (emergency plan) ရှိထားပါ။
• ငလျှင်သင်တန်းများ (drills) တက်ပြီး ဖြေရှင်းနည်း သင်ကြားလေ့ကျင့်ထားပါ။
• ငလျင်ပြီးနောက် ၂၄ နာရီအတွင်း aftershock (နောက်ဆက်တွဲ)ငလျင်ငယ်တွေ ဆက်လက်လှုပ်နိုင်တာကြောင့် အဆောက်အဦပျက်စီးနိုင်ခြေရှိလို့ အိမ်ပြန်ဝင်ချိန်ကို သတိထားပါ
• ငလျှင်နဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ် သတင်းတွေ (အထူးသဖြင့် စိုးရိမ်ပူပန်မှုကို အလွယ်တကူ ဖြစ်စေတဲ့ အကြောင်းအရာတွေ) ကို မဖြန့်ဝေခင် အတည်ပြုပါ။
• သတင်းအချက်လက်စစ်ဆေးပေးတဲ့ အဖွဲ့အစည်းတွေကို သံသယဖြစ်ဖွယ်သတင်းတွေကို စစ်ဆေးခိုင်းပါ။

Facebook, Twitter, Tiktok စတဲ့ လူမှုမီဒီယာပေါ်တွင် သတင်းမှားလို့ သံသယရှိတယ်ဆိုရင် “False News” လို့ Report လုပ်ပါ။

ငလျှင်အမျိုးအစားများ

**ဖြစ်ပွားရာအရပ်ဒေသအရ
– ကုန်းတွင်းငလျှင် ( ကမ္ဘာ့ကုန်းမြေပြင်တွေဖြစ်ပွားတဲ့ငလျှင်များ ဥပမာ- လက်ရှိစစ်ကိုင်းတိုင်းတွင်ဖြစ်ပွားတဲ့ငလျှင်)
– ပင်လယ်မြေအောက်ငလျှင် (သမုဒ္ဒရာကြမ်းပြင်အောက်မှာ ဖြစ်ပွားတဲ့ငလျှင်က ဆူနာမီကိုဖြစ်ပေါ်စေနိုင်ပါတယ် ဥပမာ – ၂၀၁၁ခုနှစ် တိုဟိုကူငလျှင်)

**အကြောင်းအရင်းအရ
– သဘာဝငလျှင် (သဘာဝကျောက်လွှာတွေလှုပ်ရှားတာကြောင့်ဖြစ်တဲ့ ငလျှင်တွေက ဒီအမျိုးစားမှာ ပါဝင်ပါတယ်။
– မီးတောင်ငလျှင် (မီးတောင်ပေါက်ကွဲတာကြောင့် ဆက်စပ်ဖြစ်ပွားတဲ့ ငလျှင်ငယ်တွေ။ ဥပမာ – ဖူဂျီတောင်အနီးမှာ ဖြစ်ပွားတဲ့ ငလျှင်ငယ်တွေ)
– လူလုပ်ငလျှင် (ရေကာတာကြီးတွေရဲ့ဖိအား၊ ရေကာတာတွေ တူးဖော်တာတွေကြောင့် ဖြစ်ပွားတဲ့ ငလျှင်တွေ)

**အနက်အလိုက်တိုင်းထွာတဲ့ ငလျှင်အမျိုးအစားများ
– အနက်နည်းတဲ့ငလျှင် (ကီလိုမီတာ ၇၀အောက်တွေဖြစ်ပွားတဲ့ ငလျှင်တွေကပျက်စီးဆုံးရှုံးမှုအများဆုံးကို ဖြစ်စေနိုင်ပါတယ်။)
– အလယ်အလတ်အနက်ရှိတဲ့ငလျှင် (အနက်၇၀-၃၀၀)ကြားမှာ ဖြစ်ပွားပါတယ်။)
– အနက်ရှိုင်းငလျှင် (အနက်၃၀၀ကီလိုမီတာအထက်မှာ ဖြစ်ပွားပြီးတော့ပျက်ဆီးမှုနည်းပါတယ်)

**ပြင်းအားအလိုက်
– အားနည်းငလျင် (Minor Earthquakes) – M3.0 အောက်
– အလယ်အလတ်ငလျင် (Moderate Earthquakes) M3.0–6.0
– ပြင်းထန်ငလျင် (Strong Earthquakes) – M6.0–7.0
– အလွန်ပြင်းထန်ငလျင် (Major Earthquakes) – M7.0–8.0
– ကြီးမားသောငလျင် (Great Earthquakes) – M8.0 အထက် အမျိုးအစားတွေပဲဖြစ်ပါတယ်။

ငလျှင်နဲ့ပတ်သက်ပြီး သတင်းမှားလို့ သံသယရှိတာဖြစ်ဖြစ်၊ အချက်လက် တွေစစ်ဆေးအတည်ပြုချင်တာဖြစ်ဖြစ် တရားဝင်အဖွဲ့အစည်းတွေ (ဥပမာ – Myanmar Fact Checking Networkလိုမျိုးအဖွဲ့အစည်းတွေ)ကို အချက်အလက်တွေ ဆက်သွယ်စစ်ဆေးအတည်ပြုခိုင်းတာမျိုးလုပ်ပါ။

သတင်းမှားတွေက လူမှုအခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်တာကြောင့် စိတ်အေးအေးထားပြီး တရားဝင်သတင်းအရင်းအမြစ်တွေကို စောင့်ကြည့်ဖို့လိုပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork