ငလျင်ဒဏ်သင့်ပြည်သူများအတွက် မတည်ငွေ ကျပ်သိန်းပေါင်း (၁၈၀၀) ကူညီမည်ဟု SSJAC ထုတ်ပြန်
………………………………………..
ခမ်းသားငေါဝ်း
မတ် ၃၀၊ ၂၀၂၅
https://www.facebook.com/share/p/1ALHoVE2Ps/
မြန်မာနိုင်ငံ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကျပ်သိန်းပေါင်း (၁၈၀၀)ပါဝင်ကူညီမည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC က ယနေ့တွင် ထုတ်ပြန်သည်။
မတ်လ(၂၈)ရက် မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအားကြီး ငလျင်ကြောင့် ဒုက္ခရောက်နေကြသော ငလျင်သင့်ပြည်သူများအတွက် အလှူငွေနှင့်အတူ အခြားကူညီထောက်ပံ့မှုများ ပူးပေါင်းပါဝင်ပေးအပ်ကူညီရန် ရှိပါက ဆက်သွယ်နိုင်ပါကြောင်း ကြေညာထားသည်။
မြန်မာနိုင်ငံ ငလျင်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးတို့ကို သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေဒေသစသည့် အကန့်အသတ်ဘောင်တို့ကို ကျော်လွန်ကာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အနေဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ဖော်ပြထားသည်။
ယခင်က ပြည်သူများကြုံတွေ့ခဲ့ရသော ကိုးဗစ်ရောဂါဘေး၊ ရေဘေး၊ စစ်ဘေးရှောင်ခြင်းတို့မှာလည်း တတ်စွမ်းသမျှကူညီဆောင်ရွက်ခဲ့ပြီး ယခု ငလျင်ဘေးတွင်လည်း လက်လှမ်းမီသော နယ်မြေဒေသအတွင်းရှိ ပြည်သူတို့အား ကူညီထောက်ပံ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ပြင်းအား(၇.၇)ရှိ ငလျင်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူနေမှုဘဝတို့ မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပေါ် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အနေဖြင့် ဘေးဒုက္ခကြုံရသည့် ပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
PPV0011
ပုံ-အွန်လိုင်း
#သဘာဝဘေး
#ငလျင်ဒဏ်သင့်ပြည်သူများ
#ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ
#SSJAC
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7