ငလျင်သင့်ပြည်သူများအတွက် (UWSA) မှ ကျပ်သန်း(၂၀၀၀) ကူညီမည်ဟုဆို
………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/192o84aKPN/
ပြင်းအား(၇.၇)အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သန်း(၂၀၀၀)ကူညီသွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံအထူးဒေသ(၂)၊ “ဝ”ပြည်နယ်ပြည်သူ့အစိုးရမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ စစ်ကိုင်းဗဟိုပြု အင်အားကြီး ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံများထိပါ သက်ရောက်မှုရှိပြီး ပြည်သူများ၏ အသက်၊ နေအိမ်၊ အဆောက်အဦး၊ ပစ္စည်းဥစ္စာများစွာ ထိခိုက်ပျက်စီးဆုံးရှုံးမှုရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ငလျင်ဘေးသင့် ပြည်သူများအား အလေးအနက်ထားကာ သနားကြင်နာမှု၊ အားပေးနွေးထွေးမှုနှင့်အတူ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ကြေကွဲဝမ်းနည်းရကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် တတ်နိုင်သည့်ဖက်မှ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငလျင်ဘေးသင့်ပြည်သူများနှင့်အတူ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားနိုင်ရန် “ဝ”ပြည်နယ် အနေဖြင့် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ကာ ကယ်ဆယ်ရေးအဖွဲ့များကို အဆင်သင့် ပြင်ဆင်ထားပြီး သက်ဆိုင်ရာဌာနတွေ၏ တောင်းဆိုမှုအရ ငလျင်ဘေးသင့်နေရာများသို့ အချိန်မရွေးသွားရောက် ကယ်ဆယ်နိုင်ရန် အသင့်ပြင်ဆောင်ရွက်ထားကြောင်းပြောဆို ထားသည်။
ယခုကဲ့သို့ သဘာဝ ဘေးအန္တာရယ်ကြုံတွေ့ နေရချိန်မှာ “ဝ”ပြည်နယ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အဖွဲ့အစည်း အားလုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိတ်ဖြင့် နိုင်ငံရေး စစ်ရေးအငြင်းပွားမှု ကိစ္စရပ်များကို ခတ္တရပ်စဲထားပြီး ကယ်ဆယ်ရေး လုပ်ငန်းမှာ အားလုံးပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
မြန်မာနိုင်ငံရှိပြည်သူများသည် စစ်ဘေးဒဏ်ကို ခံစားနေရပြီးသား ဖြစ်သောကြောင့် ပြည်သူများကို ငလျင်ဘေးဒဏ်မှ အချိန်မှီကယ်ဆယ်နိုင်ရန်၊ အကူအညီများကို အဟန့်အတားမရှိ ရရှိနိုင်ရန်နှင့် ဘေးအန္တာရယ်ပြန်လည် တည်ဆောက်နိုင်ရေး ဆောင်ရွက်ခွင့် ရရှိနိုင်ရေးတို့မှာ အားလုံးပါဝင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်
မျှော်လင့်ကြောင်း ဖော်ပြထားသည်။
မတ်လ(၂၈)ရက် နေ့လည်(၁၂)နာရီ(၅၂)မိနစ်နှင့် (၁)နာရီ (၃)မိနစ်အချိန်တို့မှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း၊မြောက်ပိုင်းနှင့် ၊မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရန်ကုန်အပါအဝင် နေရာအတော်များများမှာ မြေငလျင်ကြောင့် ထိခိုက်သေဆုံး၊ ပျက်စီးမှုများ ကြုံတွေ့ကာ ယခုအချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်နေကြောင်း သိရသည်။
#PPV0011
#UWSA
#သဘာဝဘေး
#ငလျင်