ငလျင်သင့်ပြည်သူများကို အတတ်နိုင်ဆုံး ပံ့ပိုးပေးမည်ဟု IEC ပြောဆို
……………….
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/12GJYouRVBP/
ငလျင်သင့်ပြည်သူများအနေဖြင့် ကရင်နီပြည်သို့ လာရောက်ခိုလှုံမည့်သူရှိပါက အတတ်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည် ဖြစ်ကြောင်း မတ်လ(၂၉)ရက်မှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ပြောဆိုလိုက်သည်။
ထို့အပြင် အရေးပေါ်လိုအပ်ချက်များအတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန/အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲသို့ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြထားသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်အတွင်း အင်အားစုများနှင့် ပူးပေါင်း၍ ငလျင်ကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပြည်လည်း အဆိုပါ ငလျင်လှုပ်ခတ်မှုကို သက်ရောက်ခံစားခဲ့ရပြီး ထိခိုက်ပျက်စီးမှု အမြောက်အများ မရှိခဲ့သော်လည်း ပြည်သူများတုန်လှုပ်ခြောက်ခြားကာ ငလျင်လှုပ်ခြင်းဘေးအန္တာရာယ်ကို ဆက်လက်သတိထား စောင့်ကြည့်နေရမည့် အခြေအနေရှိကြောင်း ဖော်ပြထားသည်။
ငလျင်ဒဏ်နောက်ဆက်တွဲအနေဖြင့် ပြည်သူများ အငတ်ဘေးနှင့် ပိုမိုကြုံရနိုင်ပြီး ဘေးထွက်ဆိုးကျိုးများ ရှိလာမည်ကို အလွန်စိုးရိမ်ရကြောင်း၊ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ သဘာဝဘေးအန္တာရယ် ကြိုတင်ကာကွယ်ရေး ပြင်ဆင်မှုများ အရေးတကြီး လိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် သဘာဝဘေးအန္တရာယ်ကို အကြောင်းပြပြီး ပိုမိုဆိုးရွားသော ဖိနှိပ်မှု လုပ်ဆောင်လာနိုင်သည် ကိုလည်း သတိကြီးစွာ တုန့်ပြန်ကြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတကာ အစိုးရနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအပါအဝင် ငလျင်ဘေးဒဏ် ခံစားနေရသော ပြည်သူများအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပံ့ပိုးပေးပါရန် တိုက်တွန်းထားသည်။
လူသားချင်းစာနာထောက်ထားရေး အကူအညီများကို အမှန်တကယ် လိုအပ်နေသော အောက်ခြေ ပြည်သူများဆီသို့ တိုက်ရိုက်ရောက်ရှိစေရေး ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် အလေးအနက်ထား တိုက်တွန်းကြောင်း ဖော်ပြထားသည်။
မတ်လ(၂၈)ရက် နေ့လည်ပိုင်းမှာ လှုပ်ခတ်သွားသော ပြင်းအား(၇.၇)ရစ်ခ်ျတာစကေး ရှိသည့် ငလျင်ကြောင့် တနိုင်ငံလုံးနီးပါး ဘေးဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ထိခိုက်သေဆုံးခဲ့မှုအပေါ် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
#PPV0011
#သဘာဝဘေး
#ငလျင်
#IEC
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။