ငလျင်ဒဏ်ကြောင့် အင်းလေးဒေသ ကယ်ဆယ်ရေးအကူအညီ အရေးပေါ် လိုအပ်နေ
………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅
https://www.facebook.com/share/p/12MXEiHeuo9/
အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံး ပျက်စီးမှုများခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီ လိုအပ်နေကြောင်း မတ်လ(၂၉)ရက်က စုံစမ်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဇရပ်ကြီးရွာ၊ မြောင်းဝရွာနှင့် ကေလာရွာတို့တွင် မတ်လ(၂၈)ရက် မွန်းလွဲပိုင်းက အားပြင်းသော ငလျင်လှုပ်ခတ်မှုကြောင့် ရွာလုံးနီးပါ ပြိုကျခဲ့ပြီး စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေကြောင်း သိရသည်။
“ဇရပ်ကြီးရွာက ဘုန်းကြီးကျောင်းပါမကျန် အကုန်ပြိုကုန်ကျ ပျက်စီးသွားတယ်။ လူထိခိုက်သေဆုံးမှုလည်းရှိတယ်။ ဖြစ်နိုင်ရင် လူကိုယ်တိုင်သွားနိုင်သူဆို ကိုယ်တိုင်သွားပြီး ကူညီပေးစေလိုတယ်။ လိုအပ်ချက်တွေတော့ အများကြီးရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဇရပ်ကြီးရွာသည်အိမ်ခြေ (၁၃၅)အိမ်ရှိပြီး (၁၃၂)အိမ်ပြိုကျ ပျက်စီးသွားကာ လက်ရှိထိ သေဆုံးသူ(၅)ဦး ရှိကြောင်း သိရသည်။
ယမန်နေ့ လှုပ်ခတ်သွားသော ပြင်းထန်ငလျင်ကြောင့် ညောင်ရွှေမြို့နယ်တွင် ကျေးရွာများစွာ ထိခိုက် ပျက်စီးဆုံးရှုံးမှုရှိသည့်အထဲ မြောင်းဝကျေးရွာလည်း တစ်ရွာလုံးနီးပါး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးက”တစ်ရွာလုံးနီးပါး အကုန်ပြိုကျကုန်လို့ စားဖို့အခက်ခဲရှိတယ်။ ထမင်းဟင်းချက်စားဖို့တောင် ဘာဒန်အိုးဒန်ခွက်မှ မရှိကြတာပါ။လျှပ်စစ် မီးပြန်ရပုံလည်း မပေါ်ဘူး” ဟု ပြောသည်။
ထို့အပြင် အင်းလေးဒေသ ကေလာတွင်လည်း အိမ်ခြေ (၁၀၅၇)ရှိရာ (၈၁၈)အိမ် ပြိုကျသွားပြီး လက်ရှိအချိန်ထိ သေဆုံးသူ (၄၁)ဦးရှိကာ သေဆုံးသူ အလောင်းတချို့ ဆယ်ယူ၍ မရသေးဘဲ အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။
ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ယခင်က ရေဘေးကြောင့် ပြန်လည်ထူထောင်ရေး အဆင်ပြေခါစ အခြေအနေမှငလျင်ကြောင့် အများဆုံးပြန်လည်ပျက်စီးမှု အခြေအနေကို ရင်ဆိုင်နေရသောကြောင့် စားဝတ်နေရေးအတွက် အကူအညီနှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အကူညီလိုအပ်မှု ရှိကြောင်း သိရသည်။
အားပြင်းငလျင်သည် စစ်ကိုင်းဗဟိုပြု လှုပ်ခတ်သွားပြီး မြန်မာနိုင်ငံရှိ မြို့အတော်များများ၌ ဘာသာရေးအဆောက်အဦး၊ နေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု ရှိသကဲ့သို့ လူထိခိုက်သေဆုံးမှု များစွာရှိကာ ယခုချိန်ထိ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
#PPV0011
#သဘာဝဘေး
#အင်းလေး
#အကူညီလိုအပ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။