ငလျင်ကြောင့် အက်ကွဲကြောင်းဖြစ်ပေါ်သည့် တောင်ကြီးအိုးရှင်းစင်တာကို ယာယီပိတ်သိမ်း
……………………
ခမ်းသားငေါဝ်း
မတ်လ ၂၉၊ ၂၀၂၅

https://www.facebook.com/share/p/18mBgK9mzk/

ငလျင်ကြောင့် အက်ကွဲသွားသည့် တောင်ကြီးမြို့ အိုးရှင်းစင်တာကို စစ်ကောင်စီအစိုးရ စည်ပင်ဌာနမှ ယာယီ ပိတ်သိမ်းလိုက်ကြောင်းထုတ်ပြန် ကြော်ငြာလိုက်သည်။

တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာနပိုင် မြေကွက်ပေါ် တွင် ဆောက်လုပ်ထားသည့် တောင်ကြီးအိုးရှင်း ရှော့ပင်းစင်တာအဆောက်အဦးသည် မတ်လ ၂၈ ရက် မွန်းလွဲပိုင်း ၁ နာရီ ခန့်ကပြင်းထန် ငလျင်ကြောင့် အဆောက်အဦး နံရံများ အက်ကွဲမှု ဖြစ်ပေါ်ခဲ့သဖြင့် ထို အဆောက်အဦး၏ ကြံ့ခိုင်မှု အားကျွမ်းကျင်သော အင်ဂျင်နီယာများဖြင့် ပြန်လည် စစ်ဆေးနေစဉ်ကာလအတွင်း ကုန်ခြောက်သားငါးဈေးနှင့် တောင်ကြီး ရှော့ပင်း စင်တာ ကုန်တိုက်အား အများပြည်သူ လုံခြုံရေး အတွက် မတ်လ ၂၉ ရက် နံနက်ပိုင်းမှ စကာ ယာယီ ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

“အဲဒီ အိုးရှင်း စင်တာက ဆက်မဆောက်ပါနဲ့ပြောတာ အပေါ်ဆုံး အထပ်မြင့်မှာ ခိုးပြီးဆက်ဆောက်ထားတဲ့ အတွက်ခုလို ဖြစ်တာပေါ့၊ တချို့ကလည်း စောင်း တယ်လို့ ရေးနေကြသေးတယ်၊ ယာယီ ပိတ် သိမ်းလိုက်သည် ဆိုတော့ ရက်အကန့် အသတ် မရှိ ပိတ်လိုက်တာ ထင်တယ်၊”ဟု မြို့ ခံ တစ်ဦးက ဆိုသည်

ငလျင် လှုပ်ခတ်ပြီး နောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်သွားသလို ၊ လျှပ်စစ်မီးများလည်း ပြတ်တောက်နေကြောင်း သိရသည်။

တောင်ကြီးမြို့ အနောက်မြို့ပတ် လမ်း ၊ မြို့မ ရပ်ကွက်ရုံ မျက်စောင်းထိုးတွင် ရှိသော အထပ်မြင့် တိုက် တစ်တိုက်သည်လည်း ငလျင်လှုပ်ခတ်ပြီးနောက် တိမ်းစောင်းသွားသဖြင့် လူနေထိုင်ရန် မသင့်သော နေအိမ်အဖြစ် စည်ပင်သာယာရေး ဌာနမှ တားမြစ်စာ ကပ်ထားသည်ကိုလည်း မတ်လ ၂၈ ရက် ညနေပိုင်းက မြင်တွေ့ ခဲ့ရသည် ။

ထို့ပြင် ပြင်းထန် ငလျင်ဒဏ်ကြောင့်တောင်ကြီးမြို့ပေါ်ရှိ အထပ်မြင့်တိုက် တော်တော်များများသည် ကြံ့ခိုင်မှုပျက်စီးမှု အနေအထားကို ပြန်လည် စစ်ဆေးရန် လိုအပ်မည် ဖြစ်ကြောင်းကိုလည်း အင်ဂျင်နီယာ တစ်ယောက် က အကြံပြု ပြောကြားသည်။

#ppv006
#သဘာဝဘေး
#အိုးရှင်းစင်တာ
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။