ခမ်းသားငေါဝ်း
မတ်လ ၂၆၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချိန်ခါမဟုတ် မိုးရွာခြင်းကြောင့် စတော်ဘယ်ရီသီးများ လွင့်ပစ်ရကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။
စတော်ဘယ်ရီသီးများသည် မိုးရွာသွန်းချိန် အသီးပျက်စီးခြင်း ၊ အသီးပိုးဖောက်ဝင်ရောက်ခြင်းကြောင့် အသီးများကို သန့်ရှင်း၍ ရောင်းချရကြောင်း ၊ အလေအလွင့်များပြီး လွင့်ပစ်ရကြောင်း စိုက်ပျိုး တောင်သူကဆိုသည်။
“ခူးခ နဲ့ ခြင်းဖိုးနဲ့ ဆိုရင် မကိုက်တော့ပါဘူး။ မိုးထိပြီးရင် အသီး ပိုးလိုက်ပါတယ်။ အပြင်အမြင်က မမြင်ရပေမယ့် အတွင်းထဲ ပိုးတွေ လိုက်စားပစ်တာ အထဲမှာ ဖွာပြီး အရည်ထွက်ပါတယ်။ အပြင်က ကြည့်ရင် အကောင်းပါ။ အဲလို အသီးတွေ ဆိုရင်တော့ ဘာမှ လုပ်မလို့ ပစ်ရပါတယ်။”ဟု စတော်ဘယ်ရီ စိုက် တောင်သူတစ်ဦးက ဆိုသည်။
ထိုသို့ စတော်ဘယ်ရီသီးများကို ရွေးချယ်သန့်ရှင်းကာ ရောင်းချခြင်း အသီးများ လွင့်ပစ်ရခြင်းသည် ပုံမှန် ဖြစ်ပြီး အလေအလွင့်များကြောင်း ၊ ရာသီဥတုကြောင့်လည်းများစွာ ပျက်စီးမှုရှိကြောင်း တောင်သူများ က ဆိုသည်။
မိုးရွာပြီးချိန် အသီးမလှတော့သဖြင့် စျေးကျခြင်း ဖြစ်ကြောင်း ၊ လက်ရှိ အချိန်တွင် တစ်ပိဿာခွဲ ပါသော စတော်ဘယ်ရီသီး တစ်ခြင်း ငါးထောင်ကျပ် မှ ခုနှစ်ထောင်ကျပ် အထိ စျေးနှုန်း ရှိကြောင်း သိရသည်။
ဝယ်လိုအားနှင့် ထွက်နှုန်း မမျှတသဖြင့် စတော် စျေးကျခြင်း ဖြစ်ကြောင်း ၊ ရာသီဥတု ပူပြင်းခြင်း ၊ မိုးရွာခြင်း တို့ကြောင့် အနာအဆာ ပိုများကြောင်း တောင်သူက ဆိုသည်။
မတ်လ ၂၂ ရက်မှ စ၍ရှမ်းတောင်တွင် နေ့တိုင်း လိုလို မိုးရွာသွန်းပြီး၊ မတ်လ ၂၅ရက် ညပိုင်း အချိန်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယနေ့ တစ်ရက် စတော်ဘယ်ရီ အရောင်းနားကြောင်း သိရသည်။
ယခုနှစ်တွင် စတော်ဘယ်ရီသီးစျေးကောင်းရသဖြင့် စိုက်သူ ပိုများလာပြီး ၊ ပေါ်ဦးစ ရာသီတွင် စျေးကောင်း ရရှိ၍ တောင်သူများ အဆင်ပြေကြောင်း သိရသည်။
#PPV-006
#စိုက်ပျိုးရေး
#စတော်ဘယ်ရီ
#ရှမ်းတောင်
#ချိန်ခါမဟုတ်မိုးရွာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။