ခမ်းသားငေါဝ်း

မတ် ၂၆၊ ၂၀၂၅

တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် လားရှိုးမြို့ကို ထိန်းချုပ်ထားသော (MNDAA)နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မတ်လ (၂၂)ရက်နေ့က သွားရောက်တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရာတွင် အောင်မြင်မှုမရှိဘဲ ပျက်သွားကြောင်း သိရသည်။

ယခုတစ်ခေါက် ကူမင်းဆွေးနွေးပွဲ မအောင်မြင်ခြင်းအပေါ် မြို့တာဝန်ရှိသူများက လေကြောင်းရန် သတိထားဖို့ ပြည်သူများကို သတိပေးထားမှုလည်းရှိနေပြီး ဒေသခံများ အနေဖြင့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို စိုးရိမ်မှုဖြင့် ရှင်သန်နေကြောင်း သိရသည်။

“ပြောနေကြတာတော့ အမျိုးမျိုးရှိတယ်။ အရင်က သတင်းကြားခဲ့တာလည်း (၆)လမတိုင်ခင် ဒီမြို့ကနေဆုတ်ခွာပေးရမယ် ကြားတာကို၊ အခုဆွေးနွေးပွဲ မအောင်မြင်မှုအပေါ်လည်း ကျွန်တော်တို့တော့ စိတ်ပူနေရတာပေါ့။ အရင်တခါဆွေးနွေးမှု မအောင်မြင်တော့ နောင်ချိုကို ဗုံးကျဲခံရတယ်လေ။ အဓိက လေကြောင်းနဲ့ ဗုံးကျဲမှာကို စိုးရိမ်ကြတာ။ စစ်ကောင်စီက မထင်ရင်မထင်သလို လုပ်တတ်တော့ သိတဲ့အတိုင်းပဲ” ဟု လားရှိုးဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထိုကူမင်း ဆွေးနွေးမှု မအောင်မြင်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်သောကြောင့် ဒေသခံအချို့ သက်ဆိုင်ရာအခြားမြို့သို့ ယာယီပြောင်းရွေ့မှုရှိသလို တစ်ဖက်မှာလည်း မြို့ထဲတွင် သင်္ကြန်ပွဲကျင်းပရန်ပင် ပြင်ဆင်မှုရှိနေကြောင်း သိရသည်။

“ဘယ်လိုလဲတော့ မသိဘူး။ တချို့က(၆)လမတိုင်ခင် အချိန်ထိ အခြားမြို့မှာ ခဏပြန်ရှောင်နေမယ် ဆိုပြီးပြောင်းတာလည်း တွေ့ရတယ်။ စိုးရိမ်မှုတွေ ရှိပေမဲ့ မြို့ထဲမှာတော့ အခုထိ အဆင်ပြေနေကြတုန်းဆိုတော့ သတိထားပြီး နေနေကြတယ်။ မြို့ထဲ တာဝန်ရှိသူတွေလည်း ဒီတိုင်းတော့ မပြစ်ထားလောက်ဘူး တစ်ခုခုတော့ ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်နေတယ်”ဟု နောက်ထပ်ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့် MNDAAသည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလမှာ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးမှု၏ နောက်ဆက်တွဲ တွေ့ဆုံဆွေးနွေးမှု အဖြစ် မတ်လ(၂၂)ရက်မှာ နောက်တစ်ကြိမ်ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့‌ သော်လည်း အောင်မြင်ခြင်း မရခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှာ MNDAA နှင့် စစ်ကောင်စီတို့ ယာယီအပစ်အခတ်ရပ်စဲ‌ရေး သဘောတူကြောင်းကို တရုတ်ဘက်မှ အသိပေး‌ကြေညာခဲ့သည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တရုတ်၏ကြားဝင်စေ့စပ်ညှိနှိုင်းမှု
#လားရှိုးမြို့ကို
#MNDAA
#တရုတ်နိုင်ငံ
#ကူမင်းမြို့
#တွေ့ဆုံညှိနှိုင်းမှု
#အောင်မြင်မှုမရှိဘဲပျက်သွား
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7