ခမ်းသားငေါဝ်း
မတ်လ ၂၄၊ ၂၀၂၅

အောင်ပန်းမြို့ ဗထူးလမ်း၊ မြို့မဈေးအနီးတွင် မတ်လ ၂၃ ရက် မနက် ၁၀ နာရီအချိန်က wave ဆိုင်ကယ်တစ်စီး လူမြင်ကွင်းရှေ့၌ ခိုးယူခြင်းခံရကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် ယခုရက်ပိုင်း ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး နေ့စဉ်လူမြင်ကွင်းရှေ့မရှောင် ဆိုင်ကယ်လိုက်လံခိုးယူနေကြောင်းသိရသည်။

‘’ပျောက်လိုက်ရင် wave ဘီးတွေကြီးဖြစ်နေတယ် နေ့တိုင်းလိုလိုကြားနေရတယ်၊ အရင်ကလူခြေတိတ်တဲ့ ရပ်ကွက်အတွင်းအိမ်တွေအတွင်းပျောက်တာ အခုက ဈေးလမ်းလိုမျိုးလူတွေစည်ကားတဲ့နေရာတွေမှာအစ ခိုးယူလုယှက်ခံနေရတယ်” ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆိုင်ကယ်သူခိုးများသည် အောင်ပန်းဈေးနေ့တွင် ပိုမိုခိုးယူနေကြောင်း၊ ထိုသို့သူခိုးသောင်းကျန်း သော်လည်း ဖမ်းဆီးအရေးယူမှုများမရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင်စစ်တပ် အာဏာသိမ်းပြီးနောက် ခိုးဆိုးလုနိုက်ပိုမိုများပြားလာသလို၊ ဆိုင်ကယ်ခိုးယူမှုများသည်လည်း မြို့နယ်တိုင်း ကျေးရွာတိုင်း နေ့စဉ်လိုလို ရှိနေကြောင်းသိရသည်။

သူခိုးများသည် အဖွဲ့လိုက်ရှိနေခြင်းကြောင့် ပြည်သူများပြန်လည်ဖမ်းဆီးခုခံရန် လူအင်အားမရှိပါက မိမိအသက်အန္တရာယ်ပါ ထိခိုက်နိုင်၍ ပြည်သူလူထုလုံခြုံရေးစိန်ခေါ်မှုများရှိနေကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့များသည် တော်လှန်ရေးသမား၊ CDM ဝန်ထမ်းများ၊ အာဏာသိမ်းမှုကိုဆန့်ကျင်သူများကိုသာ ဦးစားပေးဖမ်းဆီးနေပြီး မူးယစ်ဆေးဝါး၊ လောင်းကစား၊ ခိုးဆိုးလုနိုက် များကို ဖမ်းဆီးရန် စိတ်မဝင်စားသလို ဖမ်းဆီးအရေးယူမှုလည်း မရှိကြောင်း တောင်ကြီးဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

#ppv002
#တရားဥပဒေစိုးမိုးရေး
#ဆိုင်ကယ်သူခိုး
#အောင်ပန်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။