ခမ်းသားငေါဝ်း
မတ် ၂၀၊ ၂၀၂၅
ပအိုဝ်းဒေသများတွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ပအိုဝ်းစာပေကို နှစ်စဥ်သင်ယူနေကြပြီး ယခုနှစ်၌စာအုပ်များလုံလောက်မှုမရှိသဖြင့် အခက်အခဲများဖြစ်နေကြောင်း မတ်လ(၂၀)ရက်နေ့တွင် ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စုရှိ ပအိုဝ်းတိုင်းရင်းသားများသည် ယခုနှစ်နွေရာသီကျောင်းပိတ်ရက်တွင် ဒေသခံအများအပြား ပအိုဝ်းစာပြန်လည်သင်ကြားလာသဖြင့် ဖတ်စာအုပ်များလုံလောက်မှုမရှိသည့် ပြဿနာများကြုံတွေ့နေရသည်။
“ကျွန်တော်တို့ရွာဆို နွေရာသီရောက်တိုင်း ပအိုဝ်းစာမသင်ရတော့တာ ကိုဗစ်ကပ်ရောဂါဖြစ်ကတည်းက နိုင်ငံရေးနဲ့ ဒေသတွင်းမတည်ငြိမ်တာလည်းပါတာပေ့ါ၊ ဒီနှစ်ကျတော့ ဆရာတော်က ပအိုဝ်းစာသင်ကြဖို့ မိန့်ကြားလာတော့ ပအိုဝ်းစာပြန်သင်ပေးပြီ၊ ကလေးတွေကများတော့ “ပအိုဝ်ႏလိတ်မွူး”စာအုပ်က မလောက်ဘူး ရွာလူကြီးတွေလည်းလိုက်ရှာဝယ်ပေးတယ် မရှိတော့ဘူးပြောတာပဲ” ဟုစံကားဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ပအိုဝ်းစာပေနှင့် ယဥ်ကျေးမှုအဖွဲ့ (ဗဟိုႏ) ဥက္ကဌဖြားခွန်ဝင်းကိုက “ကျွန်တော်တို့ အရင်ကတည်းက ထုတ်ပေးထားတဲ့ စာအုပ်တွေကိုတော့ လိုအပ်တဲ့နေရာတိုင်းအကုန်ပေးပါတယ်၊ ပြီးတော့ စာသင်ကျောင်းမှာ ပအိုဝ်းစာသင်ယူဖို့အတွက် လိုအပ်တဲ့ပအိုဝ်းဖတ်စာအုပ်တွေကိုလည်း လုံလုံလောက်လောက် ကျွန်တော်တို့ပေးထားတယ်”ဟု ခမ်းသားငေါဝ်းကိုပြောသည်။
အချို့ဒေသများတွင် ယခုနှစ်မှပအိုဝ်းစာပေ ပြန်လည်သင်ကြားမှုများလည်းရှိသောကြောင့် ဖတ်စာအုပ်များအတွက် လုံလုံလောက်လောက်ဖျန့်ဝေပေးထားသော်လည်း လုံလောက်မှုမရှိပါက တောင်ကြီးရှိ တပေါင်းကွင်းတွင် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟိုႏ)အဖွဲ့ထံ လာရောက်ယူနိုင်ကြောင်း သိရသည်။
“ဖတ်စာအုပ်တွေ ထပ်လိုသေးတယ်ဆိုရင် ကျွန်တော်တို့ထပ်စီစဥ်ပေးလို့ရတယ်၊ တစ်ချို့ကစာအုပ်ဝယ်ဖို့ နေရာမသိတာလည်းပါမယ်ထင်၊ တပေါင်းကွင်းမှာရှိတဲ့ ကျွန်တော်တို့စာယဥ်အဖွဲ့ထံကိုလာပြီးတော့ ဝယ်ယူလို့ရသလို စာပေဖွံဖြိုးတိုးပွားရေးသံဃာအဖွဲ့တွေထံမှာလည်းရတယ်၊ ကျွန်တော်တို့ဆီလာရင်တော့ လိုအပ်သလိုကျွန်တော်တို့ စီမံဆောင်ရွက်ပေးလို့ရတာပေါ့” ဟုဖြားခွန်ဝင်းကိုက ထပ်ပြောသည်။
ပအိုဝ်းတိုင်းရင်းသားများသည် နှစ်စဥ်နှစ်တိုင်းနွေရာသီကျောင်းပိတ်ရက်တွင် ဒေသအလိုက် တပေါင်းလဆန်း သို့မဟုတ် လဆုတ်မှစကာ ပအိုဝ်းစာပေများသင်ယူနေကြပြီး တန်ခူးလဆန်းနှင့် လဆုတ်လောက်တွင် ပအိုဝ်းစာ စာမေးပွဲများပြန်လည်ဖြေကြားနေကြပြီဖြစ်ကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#စာပေ
#ညောင်ရွှေမြို့နယ်
#စံကားကျေးရွာအုပ်စု
#ပအိုဝ်းစာပြန်လည်သင်ကြားလာ
#ဖတ်စာအုပ်များလုံလောက်မှုမရှိ
#ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7