ခမ်းသားငေါဝ်း

မတ် ၂၀၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့ကို အဓိကထားပြီး လိုင်စင်မဲ့ကား ဖမ်းဆီးရန် စီစဉ်နေမှု လျှို့ဝှက်ညွန်ကြားချက်စာပေါက်ကြားလာကြောင်း TGI Support Revolution မှ မတ်လ(၂၀)ရက်နေ့၌ ထုတ်ဖော်ထားချက်အရ သိရသည်။

လျှို့ဝှက်ညွန်ကြားချက်စာတွင် လိုင်စင်မဲ့ကား ဖမ်းဆီးမှုအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးဆောင်ပြီး ဖမ်းဆီးရေးအဖွဲ့(၁၀)ဖွဲ့ ဖွဲ့စည်းကာ ရပ်ကွက်၊ ကျေးရွာများ၊ နေအိမ်များအပြင် ကားဝပ်ရှော့နှင့် ကား၊ဆိုင်ကယ် ရေဆေးခုံများအထိပါ သွားရောက် ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တွေ့ရသည်။

“တောင်ကြီးမှာက သူတို့စိတ်ရှိရင် ရှိသလို ဖမ်းချင်တဲ့အချိန်ထဖမ်းတာ လို့မြင်တယ်။ အခုလည်း ဖမ်းနေတာပဲ။ W ကား ဖမ်းမှုရှိနေလို့ ဆိုင်ကယ်နဲ့ သွားလာကြပြန်လည်း ဆိုင်ကယ်ပျောက်မှုက နေ့စဉ်နဲ့အမျှရှိတယ်။ ဒါလည်း ဘယ်သူမှ အရေးယူဆောင်ရွက်မှု မရှိဘူး။ ဘယ်လိုနေနေ ဒေသခံပြည်သူ ကျွန်တော်တို့ပဲ နစ်နာတာပါ။ သတင်းထားစွင့်ပြီး သွားလာကြရတာပေါ့” ဟု တောင်ကြီးဒေသခံ အမျိုးသား(၁)ဦးက ပြောသည်။

အဆိုပါ လျှို့ဝှက်ညွှန်ကြားချက်သည် တောင်ကြီးနှင့် ရပ်စောက်ကို အဓိကထား ရည်ညွှန်းထားပြီး လုပ်ငန်းအကောင်အထည်ဖော်ရန် စီမံချက်ကိုရေးဆွဲလျှက်ရှိကြောင်း တွေ့ရသည်။

လိုင်စင်မဲ့ကား ဖမ်းဆီးမှုကို ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးခြင်း၊ မြို့ဝင်/ထွက်ဂိတ်များမှာ ဖမ်းဆီးခြင်း၊ မြို့ရှောင်လမ်း နေရာများမှာ ဖမ်းဆီးခြင်း လုပ်ငန်းများအား ပုံမှန်စစ်ဆေးခြင်း မဟုတ်ဘဲ အချိန်၊နေရာ ပြောင်း၍ လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တွေ့ရသည်။

ယခုလို ဖမ်းဆီးခြင်းသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်စင်မဲ့ကား အသုံးပြုမှုရှိနေခြင်း၊ PDFနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ အသုံးပြုမှု ရှိနေခြင်းတို့ကြောင်း ဖမ်းဆီးရန် စီမံခြင်း ဖြစ်ကြောင်း ‌တွေ့ရသည်။

ပြီးခဲ့သည့် မတ်လ(၁၆)ရက်မှာလည်း ရဲ၊စစ်သားနှင့် မော်တော်ပီကယ်တို့ ပူး‌ပေါင်းပြီး အရပ်ဝတ်ဖြင့် တောင်ကြီးမြို့တွင်း နေအိမ်၊ရပ်ကွက်အထိ လိုင်စင်မဲ့ကားများ လိုက်လံစစ်ဆေးဖမ်းဆီးမှု ရှိကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်တွင် နိုင်ငံတော်အခြေအနေအရ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည်ဟု မတ်လ(၄)ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ရပ်စောက်မြို့
#လိုင်စင်မဲ့ကား
#ဖမ်းဆီးရန်စီစဉ်နေ
#လျှို့ဝှက်ညွန်ကြားချက်စာပေါက်ကြား
#TGI Support Revolution
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed