ခမ်းသားငေါဝ်း
မတ် ၁၈၊ ၂၀၂၅

တောင်တိုဘုရားတွင် ရောက်ရှိလာသည့် စံကားဒေသမှ စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် နေရာထိုင်ခင်းများ အကူအညီလိုအပ်နေကြောင်း မတ်လ(၁၈)ရက်နေ့တွင် စစ်ဘေးရှောင်တစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဘက်ခြမ်း၊ တောင်တိုဘုရားစောင်းတန်းတွင် စံကားအင်းအနောက်ဘက်ကမ်းမှ ဒေသခံများ စစ်ဘေးတိမ်းရှောင်လာကြပြီး ၎င်းတို့က စားဝတ်နေရေးနှင့် နေရာထိုင်ခင်းအခက်အခဲများ ကြုံတွေ့နေရသည်။

“အခက်အခဲတော့ရှိတာပေါ့ ဒါပေမဲ့လည်း အဆင်ပြေအောင်နေရတာပေါ့၊ ဒီမှာကလူလည်းများတော့ အိမ်သာလည်းအဆင်မပြေဘူး တစ်ခြားသူတွေကျတော့လည်း အခက်အခဲကိုယ်စီပါပဲ စားဖို့အဆင်မပြေတဲ့လူတွေ၊ နေဖို့အမိုးအကာတွေမလုံလောက်တာမျိုးတွေရှိတယ်” ဟု စံကားဒေသမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောသည်။

တောင်တိုဘုရားတွင်ရောက်ရှိသော စစ်ဘေးရှောင်များအတွက် အလှူရှင်များရံဖန်ရံခါ လာရောက်လှူဒါန်းပေးခြင်းရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အခက်အခဲဖြစ်နေသေးကြောင်း ၎င်းကဆက်ပြောသည်။

စံကားအင်းအနောက်ဖက်ကမ်းရှိ နန်းတောင်းရွာနှင့် သစ်ပင်ကောက်ရွာတို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ တပ်စွဲနေရာယူထားသဖြင့် ၎င်းအနီးတစ်ဝိုက်ရှိ ဒေသခံများက စစ်ဘေးအကုန်တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် စံကားဒေသတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့အကြား ဖေဖော်ဝါရီလ ဒုတိယပတ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုချိန်ထိ စစ်ရေးတင်မာမှုရှိနေသေးသဖြင့် ဒေသခံများကနေရပ်ပြန်နိုင်ရန် အခက်အခဲရှိနေသေးကြောင်း သိရသည်။

#PPV007
#Photo: Onlin
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#အင်းလေးတောင်ဘက်ခြမ်း
#တောင်တိုဘုရားစောင်းတန်း
#စံကားအင်းအနောက်ဘက်ကမ်း
#စားဝတ်နေရေးနှင့်နေရာထိုင်ခင်းအခက်အခဲ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။