ခမ်းသားငေါဝ်း

မတ် ၁၉၊ ၂၀၂၅

လေပြင်းဘေးအန္တာရယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မိုးကြိုကာလမတိုင်မီကပင် နေအိမ်အမိုးများ၊ ထုတ်တန်းများ၊ ထောက်တန်းများ၊အောက်ခြေ‌ဒေါက်တိုင်များ တောင့်တင်းခိုင်မာအောင်နှင့် အခြားကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တာရယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက မတ်လ(၁၈)ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

လေပြင်းသည် မြန်မာနိုင်ငံတွင် အဖြစ်များသည့် သဘာဝဘေးအန္တာရယ်ဖြစ်ပြီး ဧပြီလ၊ မေလနှင့် မိုးနှောင်း ကာလ ဖြစ်သည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလအတွင်း ဖြစ်ပေါ်လေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

နေ့အပူချိန်မြင့်တက်ခြင်းကြောင့် ရေခိုးရေငွေ့များ စုစည်းကာ မိုးတိမ်အဖြစ်သို့ ရောက်ရှိပြီး လေထုမငြိမ်မသက်ဖြစ်ခြင်း၊ စိုက်ဆင်းလေပြင်းများ တိုက်ခိုက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

လေပြင်းတိုက်ခိုက်ခြင်း၊ မိုးသီးကြွေကျခြင်းတို့ကြောင့် နေအိမ်များပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျခြင်း၊ လျှပ်စစ်မီးကြိုးနှင့် ဓာတ်တိုင်များ ပျက်စီးခြင်း၊ လူနှင့် တိရိစ္ဆာန်ထိခိုက်မှုအပြင် အခြားသော ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် နေအိမ်အမိုးလန်ခြင်း၊ အကာအရံများလွင့်ပါခြင်းတို့ မဖြစ်စေရေးအတွက် ပိုမိုခိုင်ခံ့မှုရှိအောင် ပြင်ဆင်ခြင်း၊ နေအိမ်အနီးရှိ သစ်ပင်၊ သစ်ကိုင်းများ လှဲပြိုနိုင်သည့်အတွက် ကြိုတင်ရှင်းလင်းထားရန် ဖော်ပြထားသည်။

ထို့အပြင် လေပြင်းများတိုက်ခိုက်နေစဉ် လုံခြုံသည့်အဆောက်အအုံအတွင်း မှန်ပြတင်းပေါက်များ၊ တံခါးပေါက်များနှင့် ဝေးသည့် နေရာတွင် နေထိုင်ရန်၊ ထိုကာလတွင် အပူအအေးပြောင်းလဲမှုများသည့်အတွက် မိုးကြိုးဘေးအန္တာရာယ် ကြုံတွေ့နိုင်သည်ကို သတိပြုရန် အသိပေးထားသည်။

မိုးလေဝသအ‌ခြေအနေများကို အမြဲမပြတ်စောင့်ကြည့်ပြီး ဆောင်ရန်၊ရှောင်ရန် သတိပြုရန်များနှင့် အညီ ဆောင်ရွက်ရန် အသိပေးထုတ်ပြန်ထားသည်။

PPV0011
ပုံ-အွန်လိုင်း
#မိုးလေဝသ
#လေပြင်းဘေးအန္တာရယ်
#ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး
#မိုးကြိုကာလမတိုင်မီ
#နေအိမ်အမိုးများ
#ထုတ်တန်းများ
#ထောက်တန်းများ
#အောက်ခြေ‌ဒေါက်တိုင်များ
#လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။