ခမ်းသားငေါဝ်း
မတ်လ ၁၇၊ ၂၀၂၅

စစ်ကောင်စီ အစိုးရက ကျောင်းစာမေးပွဲအပြီးနေရပ်ပြန်ရန် အတင်းဖိအားပေးမှုကြောင့်ညောင်ရွှေမြို့နယ် တွင်း ခိုလှုံနေသည့် (ကယား)ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ထက်ဝက်ကျော်နေရပ်ပြန်ကြရပြီဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ၊ ညောင်ရွှေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် နေရပ်ပြန်ရန်ဖိအားပေးမှုကြောင့် အချို့ကပြန်သွားကြပြီး မပြန်နိုင်သည့်သူများ နေအိမ်ငှားပြီးနေထိုင်နေရကြောင်းသိရသည်။

“တချို့လည်း ပြန်သွားကြပြီ။ တစ်ဝက်ကျော်တယ်။ စခန်းတွေတော့ စာမေးပွဲပြီးရင် မထားရတော့ဘူးလို့ ပြောတယ်။ နေအိမ်တွေမှာ ငှားနေကြရတယ်။ တချို့ က တည်းခိုခန်းမှာ လပေးနဲ့ ငှားနေကြတာလည်း ရှိတယ်။ ကျောင်းတွေမှာတော့ လေးငါးယောက် လောက်ပဲ ကျန်တော့မယ် ထင်တယ်။ ရပ်ကွက်ထဲက အိမ်တွေမှာပဲ လစာနဲ့ ငှားနေကြရပါတယ်။”ဟု ညောင်ရွှေမြို့ခံ တစ်ဦးက ရှင်းပြသည်။

တချို့ ကျောင်းများတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် ပြည်သူများသည် နေရပ်ပြန်ချင်ကြသော် လည်း လမ်းစားရိတ် မရှိသဖြင့် မပြန်နိုင်ကြကြောင်း ၊ တချို့ကလည်း စိုးရိမ်စိတ်များကြောင့် မပြန်ရဲသေးကြောင်း ကိုလည်း ပြောဆိုသည်။

(ကယား)ကရင်နီပြည်နယ်ဘက်တွင် တည်ငြိမ်မှု မရှိသေးသဖြင့် ပြန်လည် နေထိုင်ရန် စိုးရိမ်စိတ် ရှိကြောင်း ၊ အသက်အာမခံချက် မရှိသဖြင့် နေရပ် ပြန်ခိုင်းခြင်းသည် အရဲစွန့်ရာရောက်ကြောင်းကိုလည်း စစ်ရှောင်တစ်ဦးက ပြောသည်။

“တော်တော်များများ ပြန်ချင်နေကြတယ်။ ဒါပေမယ့် လမ်းစားရိတ် မရှိဘူးလေ။ စားဝတ်နေရေး ကလည်း ခက်ခဲ ကြတယ်။ ကျွန်တော်တို့က မရှိဆင်းရဲသားတွေ ပါပဲ။ အခုဆို ပိုဆိုးတာပေါ့။ စားဖို့တောင် အနိုင်နိုင် ပြန်ချင်ပေမယ့်လည်း အဲဒီဘက် မှာ တိုက်ပွဲ ကြောက်ရတာနဲ့ စိုးရိမ်ရပြန်တယ်လေ။ ဘာဆက်လုပ်ရမှန်းတောင် မသိဘူး”ဟု စစ်ဘေးရှောင် တစ်ဦး က ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၇ ရက် ၊ တနင်္လာနေ့မှ စနေနေ့ အထိ ဆက်တိုက် ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

စာမေးပွဲပြီးနောက်ပိုင်း စစ်ရှောင်စခန်းများကို ဖယ်ရှားပြီး နေရပ်ပြန်ကြရန် ယခင်လများကစစ်ကောင်စီအုပ်ချုပ်ရေးများက အသိပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုပြင်တောင်ကြီးမြို့တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် ပြည်သူတို့သည် ၃ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပြီး ကံကြီး ၊ တံတားမီးလောင် ၊ ဖာမွန်းပန်းခြံ တို့တွင် နေထိုင်ကြကြောင်းသိရသည်။

တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင် များ ထပ်မံတိုးလာခြင်းမရှိစေရန် အသိပေး ထားပြီး ၊ လူသစ်လက်ခံခြင်း မရှိတော့ကြောင်း သတင်းရင်းမြစ် ထံမှ သိရသည်။

၎င်းတို့သည် ကြုံရာကျပန်း အလုပ်များကို ဝင်ရောက်လုပ်ကိုင်၍ ဝမ်းရေး ဖြေရှင်းနေကြရပြီး အခက်အခဲ မျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆိုသည်။

#PPV-006
#Humanright
#ညောင်ရွှေမြို့
#စစ်ရှောင်

photo ပုံဟောင်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။