ခမ်းသားငေါဝ်း
မတ်လ ၁၅၊၂၀၂၅
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့များတွင် ဆက်သွယ်ရေး ကွန်ရက်များ ပြတ်တောက်နေပြီး အင်တာနက်လိုင်းများလည်း နှေးကွေးနေကြောင်း သိရသည်။
မတ်လ အစောပိုင်းမှ စ၍ တောင်ကြီးမြို့တွင် MPT နှင့် Ooredoo ဆက်သွယ်ရေး ကွန်ရက်များ ဖုန်းခေါ်ဆိုမှု မရကြဘဲ ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများတွင် အင်တာနက်လိုင်းများလည်း သုံးစွဲ မရတော့ကြောင်းသိရသည်။
“ ကြာပြီဗျ။ မတ်လ အစောပိုင်းက စပြီးတော့ လိုင်းတွေ မကောင်းတော့တာ၊ ပြန်များ ကောင်းလာမလား ဆိုပြီး မတ်လလယ်ရောက်တဲ့အထိပဲ။ MPT ဖုန်းဆိုရင် ဘယ်ဖုန်းကိုမှ ခေါ်လို့ကို မရဘူး။ ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေပါတယ်ပဲ ၊ တယ်လီနောနဲ့ ခေါ်ရင်တော့ ရတယ်။ MEC နဲ့ ခေါ်ရင်တော့ ရတတ်တယ်။ MPT က အထွက်ခေါ်မရပေမယ့် အဝင်တော့ ရတယ်။ အဲလိုပေါ့။” တောင်ကြီးမြို့ ခံတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ် ၊ ကလောမြို့နယ် ၊ ပအိုဝ်းဒေသများ၊ ဓနုဒေသ များတို့တွင် ဆက်သွယ်ရေး ကွန်ရက်များ ပြတ်တောက်ခြင်း ၊ အင်တာနက်လိုင်းများ သုံးစွဲ မရခြင်း ၊ မြို့ပေါ်တွင် လိုင်းများ နှေးကွေး နေခြင်း တို့ ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီး ရပ်ကွက်နေ ပြည်သူ တစ်ဦးက “အင်တာနက်လိုင်းက မြို့ပေါ်မှာ ဆိုရင် လိုင်းနှေးတယ်။ ကျေးရွာတွေ ဘက် မှာ ဆိုရင် လိုင်းမရကြဘူး။ တောင်ကြီးအထွက်ရွာတွေဘက်ဆိုရင်လည်း အဲလိုပဲ တစ်ကတ် မဟုတ် တစ်ကတ် ပြောင်းသုံးနေရတယ်။ အင်တာနက် လိုင်းက မရကြဘူး။ နောက်ပိုင်း ပိုပြီး လိုင်းကြပ်လာတယ်။”ဟုပြောသည်။
ထို့ပြင် ဆက်သွယ်ရေး ဥပဒေ ပြဌာန်းပြီး နောက် ပိုင်းတွင် လူမှုကွန်ရက်များကို စောင့်ကြည့် ထိန်းချုပ် ခြင်းများ ရှိသလို ၊ ကြားခံပစ္စည်းများဖြစ်သော VPN တို့ဖြင့် သုံးစွဲရသည်မှာလည်း ပိုမို ခက်ခဲလာနေကြောင်း သိရသည်။
တောင်ကြီးမြို့တွင် မတ်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်တော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနိုင်ရေး အတွက် လျှပ်စစ်မီးများ ပြတ်တောက်ခြင်း မရှိစေရန် ဆောင်ရွက်နေကြောင်း သိရသည်။
#PPV-006
#ဆက်သွယ် ရေး
#အင်တာနက်
#တောင်ကြီး
ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။