ခမ်းသားငေါဝ်း
မတ်လ ၁၅၊၂၀၂၅
တောင်ကြီးမြို့ ၊ ရတနာသီရိ ရပ်ကွက်တွင် မတ်လ ၁၅ ရက် မွန်းလွဲပိုင်း (၄) နာရီ ကျော်အချိန်က ခြံဝန်းတခုအတွင်းရှိ နေအိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ရတနာသီရိရပ်ကွက် မြဝတ်ရည်လမ်း ၊ အုတ်ဖိုကျောင်းအနီးရှိ အိမ်အမှတ် (၄၈၅) ၊ ခြံဝန်းအတွင်း ရှိသော နေအိမ်များ ညနေပိုင်း (၄) နာရီခွဲ ဝန်းကျင်ခန့်တွင် မီးလောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စဖြစ်တာက အိမ်မကြီးနောက်မှာ တန်းလျား ၃ ခန်းတွဲ တစ်အိမ် ၊ ဘေးနားမှာအိုးစားတစ်အိမ် ၊ တစ်ဖက် မှာတစ်အိမ်ရှိတယ်။ နောက်မှာအိမ်သုံးလုံး ရှိသေးတာပေါ့။ အဲဒီအိမ်ကနေ ထမင်းချက်ဖို့ အတွက် မီးမွှေးလိုက်တာ ၊ အဲဒီမှာလောင်စာ တစ်ခုခု သုံးလိုက်တာနေမှာပေါ့ ၊ အဲဒီ နောက်အိမ် ကနေ စလောင်တယ်။ အကုန်လုံးမီးကူးတယ်။ အိမ်မကြီး အပါအိမ်လေးလုံး မီးလောင်ပျက်စီးသွားတယ်။”ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။
ခြံဝန်းအတွင်းရှိ အိမ်မကြီးသည် နှစ်ထပ်ပျဉ်ထောင်အိမ် ဖြစ်ပြီး၊ အိမ်မကြီး နောက်ဘက်တွင် တန်းလျား ၃ ခန်း တွဲ ပါသော အိမ်တစ်လုံး၊ အိမ်ထောင်စုခွဲနေသော နေအိမ် (သစ်သားအိမ်) နှစ်လုံး ၊ စုစုပေါင်း အိမ်အငယ် သုံးလုံး ပါဝင်ကြောင်း သိရသည်။
မီးလောင်မှုကြောင့်ထို နေအိမ်ငယ် သုံးလုံးအပြင် ၊ နှစ်ထပ်ပျဉ်ထောင် အိမ်မကြီးပါ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံး တန်ဖိုး မသိရသေးကြောင်းသိရသည်။
မတ်လ ၁၄ ရက် ညနေပိုင်း ၇ နာရီ ဝန်းကျင်ခန့်တွင် လည်း တောင်ပေါ် ရွှေဘုန်းပွင့် တွင် မီးလောင်ကျွမ်းခြင်း ကြောင့် မီးသတ်တပ်ဖွဲ့ဝင် များ သွားရောက် ငြိမ်းသတ်ခဲ့ခြင်း ဖြစ်ကာ ၊ မတ်လ ၁၅ ရက် ညနေပိုင်းတွင်လည်း တောင်ချွန်းအောက်ခြေ တွင် အနည်းငယ် လောင်ကျွမ်းနေသည်ကိုလည်း မြင်ရသည်။
#PPV-006
#မီးလောင်မှု
#တောင်ကြီး
#ရတနာသီရိ
ခမ်းသားငေါဝ်းခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။