ခမ်းသားငေါဝ်း
မတ် ၁၁၊ ၂၀၂၅

ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသတွင် ရှမ်းတောင်၊ ရှမ်းမြောက်၊ရှမ်းအ‌ရှေ့နှင့် မြန်မာပြည်‌ အောက်ပိုင်းမှ အလုပ်လုပ်ကိုင်ရန် အလုပ်သမား များပြားလာမှု‌ကြောင့် လုပ်ငန်းရှင်မှ လုပ်အားခ လျှော့ချခြင်းအပြင် အလုပ်မလုပ်တတ်ဟုဆိုကာ အလုပ်သမားကို မောင်းထုတ်ခြင်းကြောင့် အလုပ်သမားအချို့ အခက်ခဲတွေ့နေရကြောင်း မတ်လ(၁၁)ရက်တွင် စုံစမ်းသိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ၊ ပဋိပက္ခများနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းစော၊ မိုင်းလား၊ ကျိုင်းခမ်းဖက်တွင် ရော်ဘာလုပ်ငန်း လုပ်ကိုင်ရန် သွားကြသည့် သူများ ယခုနှစ်တွင် လုပ်ငန်းရှင်မှ လုပ်အားခသိသိသာသာလျှော့ချခံရခြင်း အလုပ်သမားများကို စိတ်ကြိုက်ရွေးချယ်ခြင်းတို့ ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့ဆို အရင်နှစ်လည်း ရော်ဘာခြစ် အလုပ်ပဲလုပ်တာ။ သူများလုပ်သလို လုပ်နိုင်နေတာပဲ။ ပြောမယ်ဆိုရင် အတွေ့အကြုံရှိရက်နဲ့ နင်မလုပ်တတ်ဘူး၊ နင့်ကိုမယူဘူး ပြန်တော့ဆိုပြီး မောင်းထုတ်ခံရတဲ့သူ အများကြီးပဲ။ အလုပ်လုပ်တဲ့သူက များလာတော့ မထင်ရင်မထင်သလို နှိမ်ခံရတယ်။ စိတ်ကြိုက်ရွေးတယ်။ လုပ်အားခလည်း အရင်နှစ်ဆို ဥပမာ(၁)သောင်းယွမ်ရရင် လောပန်းကို ၂၅၀၀ယွမ်ပေး၊ မဟုတ်လည်း ၃၀၀၀ ယွမ်ပေး။ ကျန်တာက ကိုယ်တွေအတွက် အဲ့လို။ အခုနှစ်က (၁)သောင်းရရင် လောပန်းကို (၆၀၀၀)ယွမ်ပေး၊ (၄၀၀၀)ယွမ်ပဲ ကိုယ်တွေပြန်ရမယ် အဲ့လိုတွေဖြစ်ကုန်တာ” ဟု ရော်ဘာအလုပ်လုပ်ကိုင်သူ ရှမ်းတောင် မှလူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရော်ဘာခြစ်ရာသီသည် မတ်လလယ်မှ စလုပ်ကိုင်ရပြီး အလုပ်မလုပ်ရခင်အထိ စားဝတ်နေရေးအတွက် အကြွေးဖြင့် လောပန်းထံ ယူစားသောက်ရပြီး ယခုလို လုပ်အားခ လျော့ချခံရခြင်းကြောင့် ရသည့်လုပ်အားခသည် အကြွေးဆပ်ဖို့လောက်သာ အဆင်ပြေကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းအရှေ့သို့ ရော်ဘာလုပ်ငန်း လုပ်ကိုင်ကြရန် လမ်းစရိတ်အတွက် ချေးဌားပြီး မိသားစုလိုက် မိမိရပ်ရွာမှ ထွက်သွားသူများလည်း အလုပ်အကိုင် အဆင်မပြေမှုကြောင့် ရှေ့တိုးရခက် နောက်ဆုတ်ရခက်သည့် အခြေအနေသို့ ရောက်ရှိနေသူများလည်း ရှိကြောင်း သိရသည်။

“အလုပ်လုပ်တဲ့သူက တအားများလာတော့ လုပ်အားခလျှော့ချခံရတာတင်မဟုတ်ဘူး။ လုပ်အားခ မကောင်းတဲ့အလုပ်တောင် ဆက်စပ်ပေးသူမရှိရင် ရှာရအရမ်းခက်ခဲတယ်။ လမ်းဘေးမှာ တဲထိုးပြီး အဆင်ပြေသလို နေထိုင်စားသောက်နေရတဲ့ မိသားစု တစ်ပုံကြီးဗျာ”ဟု အမည် မဖော်လိုသည့် အမျိုးသား(၁)ဦးလည်း ပြောသည်။

ရော်ဘာလုပ်ငန်း လုပ်ကိုင်ရန် ရှမ်းတောင်မှ ရှမ်းအရှေ့သို့ သွားသည့် ကားခသည် (၁)ဦးလျှင် (၄)သိန်းကျပ်ဈေးရှိပြီး ၁၃/ကိုင်ဆောင်ထားသည့် ကိုးကန့်၊ တအန်း၊ ရခိုင်လူမျိုးအနေဖြင့် ရှမ်းတောင်မှ ရှမ်းအရှေ့ဖြတ်သည့် တာကော်တံတားတွင် ယခုအချိန်ထိ ဖြတ်သန်းခွင့် ကန့်သတ်ခံနေရကြောင်း သိရသည်။

“တခြားလူမျိုးနဲ့ တအာင်း အဲ့လို ကပြားဖြစ်နေရင်တောင် မရနေဘူး။ စစ်ကောင်စီစောင့်တဲ့ ဂိတ်မှာ စကားအများကြီးပြောရတယ်။ ကားဆရာတောင် အငေါက်ခံရတယ်။ တချို့ဆို လမ်းစရိတ်မရှိမဲ့ရှိမဲ့ ချေးဌားပြီး လာတာတောင် ပြန်လှည့်ပြန်ခိုင်းတယ်။ အဲ့လိုဆိုတော့ ကားဆရာတွေကလည်း မတင်ချင်တော့တဲ့ အခြေအနေထိ ဖြစ်တယ်”ဟု အမျိုးသမီး(၁)ဦးက ပြောသည်။

ရှမ်းအရှေ့သို့ အလုပ်လုပ်ကိုင်ရန် သွားကြသူများသည် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရောက်လျှင် နေထိုင်ခွင့် လက်မှတ်လုပ်ရပြီး ကုန်ဈေးနှုန်း တနေ့ထက်တနေ့မြင့်တက်မှု၊ အိမ်ဌာခ မြင့်တက်မှု အစရှိသည့် အခက်ခဲများစွာကြား ရုန်းကန်နေရသည့်အတွက် လုပ်ငန်းရှင်များမှ အလုပ်သမားများအပေါ် စာနာထောက်ထားပေးရန် မျှော်လင့်နေကြောင်း သိရသည်။

PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ရှမ်းပြည်နယ်အရှေ့ပိုင်း
#ရှမ်းတောင်
#ရှမ်းမြောက်
#ရှမ်းအ‌ရှေ့
#မြန်မာပြည်‌အောက်ပိုင်း
#လုပ်ငန်းရှင်မှလုပ်အားခလျှော့ချခြင်း
#အလုပ်သမားကိုမောင်းထုတ်ခြင်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။