ခမ်းသားငေါဝ်း
မတ်လ ၁၀၊ ၂၀၂၅
PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသရှိ ပြည်သူလူထုများကို အိမ်တိုင်းစေ့ ငွေကြေးကောက်ခံပြီး ရုရှားစစ်သင် တန်းဆရာကို ကျပ်သိန်းပေါင်း (၄)သောင်းကုန်ကျခံခေါ်ယူကာ ပြည်သူ့စစ်သင်တန်းကို နှစ်နေရာခွဲပြီး ပေးနေကြောင်းစုံစမ်းသိရှိရသည်။
ပြည်သူ့စစ်သင်တန်းကိုရှမ်းပြည်နယ်တောင်ပိုင်း ဆိုက်ခေါင်ဒေသရှိ အောင်ဆုဗွေတွင်တစ်နေရာနှင့် ရပ်စောက်မြို့နယ် ဗထူးတပ်တွင် နှစ်နေရာခွဲပြီးပြုလုပ်နေကြောင်း၊ အထူးသဖြင့် ထောက်လှမ်းရေး၊ ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုနှင့် အထူးတိုက်ခိုက်ရေးခေါင်းစဉ်ဖြင့် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။
‘’ဒီသင်တန်းက သာမာန်လူတက်ရောက်လို့မရဘူး၊ အထူးစီစစ်ပြီးသွားခွင့်ရမှသွားလို့ရတာ၊ ပအိုဝ်းလူငယ်တွေ ဒီသင်တန်းကို လိုလိုလားလား သွားကြတယ်၊ အထူးသဖြင့် ကျောက်တလုံးကြီးမြို့က လူငယ်တွေအများစုတက်ကြတယ်၊ ဒီသင်တန်း ဆင်းရင်တော့ အဲထောက်လှမ်းရေးဆိုတဲ့ဟာက တော်လှန်ရေးအင်အားစုဘက်က သတိထားရမယ့်ဟာဖြစ်လာလိမ့်မယ်”ဟု သတင်းရင်းမြစ်တစ်ဦးကခမ်းသား ငေါဝ်းကိုပြောသည်။
လက်ရှိပအိုဝ်းဒေသတွင်PNO ပြည်သူ့စစ်က ကားခွန်၊ အိမ်ခွန်၊ ဆိုင်ခွန် စသည့်မတရားအခွန်များကို မထည့်မနေရ အတင်းအဓမ္မကောက်ခံနေပြီး ပြည်သူလူထုများအခက်ခဲများစွာကြုံတွေ့နေရသည်။
တောင်ကြီးမြို့နယ်မှ ကျေးရွာတစ်ရွာဒေသခံအမျိုးသမီးတစ်ဦးက’’ကျွန်မတို့ရွာမှာတော့ ကားခွန်တွေ ဆိုင်ခွန်တွေ လတိုင်းကောက်နေတာပဲ။ အိမ်ခွန်ဆိုပြီးလည်း ၅ သောင်းထည့်ပေးလိုက်ရပြီ၊ ဘယ်မှာသွားသုံးနေလဲတော့မသိ ဘူး သူတို့ပြောတာကတော့ စစ်စရိတ်လို့ပြောတာပဲ”ဟုပြောသည်။
ထိုအထူးပြည်သူ့စစ်သင်တန်းကို PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီ တို့ပူးပေါင်းပြီး တစ်နေရာတွင် လူဦးရေ(၃၀၀) ဖြင့် ပြုလုပ်နေပြီး၊ သင်တန်းကာလကို (၈) လသတ်မှတ်ထားကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်ရှိ ပအိုဝ်းဒေသများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ လူငယ်များ စစ်မှုထမ်းအတင်းခေါ်ခံရပြီး၊ ပြည်ပရောက်သွားသည့် လူငယ်များက စစ်အသုံးစရိတ် လစဉ် တစ်ယောက် သုံးသိန်းပေးဆောင်နေရကြောင်းသိရသည်။
‘’ကျွန်မမောင်လေးဆိုရင် ပြည်ပရောက်နေတာကြာပြီ၊ အမေတို့ဆီမှာခဏခဏ လာပြောတယ်၊ PNO ပြည်သူ့စစ်က လူမရှိရင်လည်း ထောက်ပို့တပ်သား စာရင်းသွင်းပြီးကဒ်ထုတ်ပေးပြီးတော့ လစဉ် တစ်သိန်းနုန်းနဲ့ သူတို့လာကောက်တာထည့်ပေးရတယ်”ဟု ပြောသည်။
ပအိုဝ်းပြည်သူများသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့် စစ်အသုံးစရိတ်ကို ပေးဆောင်နေရသည့်အပြင် PNO ပြည်သူ့စစ်ကခေါ်ယူသည့် ပြည်သူ့စစ်နှင့် စစ်အသုံးစရိတ်ကိုလည်း ပေးဆောင်နေရကြောင်းသိရသည်။
#ppv002
#Humanright
#PNO
#အောင်ဆုဗွေ
#ပြည်သူ့စစ်
photo credit
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။