ခမ်းသားငေါဝ်း
မတ်လ ၉၊ ၂၀၂၅
စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးနောက်ပိုင်း ရပ်ကွက်အတွင်း လူငယ်များ နည်းပါးလာနေကြောင်း တောင်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်နေပြည်သူများထံမှ ကြားသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အေးသာယာ၊ ရွှေညောင် တို့တွင် ရှိသော လူငယ်များ တဖြေးဖြေး နည်းပါးလာနေကြပြီး တချို့ ပြည်ပထွက်ခွာသွားကြသလို ၊ တချို့မှာ စစ်မှုထမ်း ဥပဒေကြောင့် စစ်ထဲ ဝင်ရောက်သွားကြရခြင်း ဖြစ်ကြောင်း သိရသည်။
‘ ကျွန်တော်နဲ့ သိတဲ့ လူငယ် သူငယ်ချင်းတွေ ဆိုရင် အကုန် မရှိတော့ဘူး။ အသက် ၂၀ ကျော်ပဲ ရှိသေးတယ်။ နာမည်ပါလို့ သင်တန်း တစ်လပေးပြီး ရှေ့တန်း ပို့ခံရတယ်။ ၅ လ ကျော်သွားပါပြီ။ သူနဲ့ အဆက်အသွယ် ရတော့ ရခိုင်ဘက်ကို ရောက်နေတယ် ပြောတယ်။ နောက်တစ်ယောက် လည်း အဲလိုပဲ သင်တန်း ပေးခံရပြီး ကယားဘက်ကို ပို့ခံရတယ်။ သေမလား ရှင်မလား မသိဘူး။ ’ဟု အေးသာယာ နေ ပြည်သူ တစ်ဦးက ဆိုသည်။
ရှမ်းတောင်တွင် ညဘက် လူငယ်များကိုပေါ်တာဆွဲ ဖမ်းဆီးမှုများရှိသလို လုံခြုံရေးအမြဲတမ်းစိုးရိမ်နေရကြောင်းသိရသည်။
ရွှေညောင်နေ ပြည်သူတစ်ဦးကလည်း“ ညဘက်တွေ ဆိုရင် စစ်တပ်နဲ့ ရဲပေါင်းပြီး မြို့ပတ်နေတာ ၊ လူငယ်တွေကို မြင်တာနဲ့ ဖမ်းပြီး ဆွဲမယ်ပြောတယ်။ အရင်ညကလည်း မြင်တယ် ၊ လူငယ်က ကျွန်တော့်မှာ အိမ်ထောင်ရှိတယ် ပြောတာလည်း မရဘူး ဖမ်းမှာပဲ၊ ပြန်ရွေးရမှာပြောတယ်။ လူငယ်တွေကို အဓိက ထားပြီးတော့ ဖမ်းဆီး စစ်ဆေးတာတွေ လုပ်တယ်။ မြို့ဝင် ဂိတ်တွေမှာ ဆိုရင်လည်း ကားကြီးတွေ ၊ အိမ်စီးကားတွေကို အသေးစိတ် စစ်တယ်။ လူငယ်တွေ ပါလာရင် ဘယ်ကလာတာလဲ ၊ ဘာလုပ်မှာလဲ စစ်ဆေးလေ့ ရှိတယ်။ ”ဟု ဆိုသည်။
ယခုအခါ ပြည်ပ ထွက်ခွာခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်သောကြောင့် လူငယ်များနေစရာ သွားစရာ နေရာ မရှိတော့ဘဲ ၊ စစ်ထဲကို မဖြစ်မနေ ဝင်ရမည့် အခြေအနေ များနှင့် ကြုံတွေ့လာရပြီ ဖြစ်ကြောင်း သားရှင် မိဘ တစ်ဦးက ဆိုသည်။
ယခင် အရပ်သား လက်ထက်နှင့် နှိုင်းယှဉ်လျှင် လူငယ်များ နည်းပါးမှုသိသာခဲ့ကြောင်း ၊ လူငယ်များသည် ဘ၀ရှေ့ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစား ရုန်းကန်နေကြရကြောင်း လူငယ် တစ်ဦးက ဆိုသည်။
တောင်ကြီးမြို့နယ် တွင် စစ်ကောင်စီထိန်းချုပ်သည့်မြို့ဖြစ်ပြီး စစ်မှုထမ်းအတွက် လူလည်းပေးရသလို တစ်အိမ် ၅ သောင်းကျပ်လည်းကောက်ခံနေကြောင်းသိရသည်။
#PPV-006
#Humanright
#စစ်မှုထမ်း
#လူငယ်
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။