ခမ်းသားငေါဝ်း
မတ်လ ၈၊ ၂၀၂၅

လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ် လုံးမွန်းကျေးရွာတွင် (MNDAA)တပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၇)ရက်တွင် ဖမ်းဆီးသွားခဲ့သည့် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။

(MNDAA)တပ်ဖွဲ့မှ (၁)လကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့သော အသက်မပြည့်သေးသည့် အဆိုပါ အမျိုးသမီးကို မတ်လ(၇)ရက် ညနေပိုင်းတွင် မိသားစုထံ ပြန်လည်အပ်နှံလိုက်ကြောင်း ဒေသခံထံမှ သိရသည်။

“ဒါက အင်မတန် ဝမ်းသာစရာ သတင်းလို့ပြောလို့ရတယ်။ စိတ်ပူခဲ့ရတာက ကျွန်တော်တို့ပဲမဟုတ်ဘူး မိသားစု အဖွဲ့အစည်းလည်း အများကြီးလည်း ကြိုးပမ်းကြလို့ အခုလို ပြန်လည်လွတ်မြောက်လာတယ်လို့ ပြောလို့ရတယ်။ အရမ်းစိတ်ပူနေခဲ့တာပါ။ ဖမ်းဆီးသူဖက်က ဘယ်လိုတာဝန်ယူမှုတွေ လုပ်မလဲဆိုတာကိုတော့ ကျွန်တော်လည်း အသေးစိတ် မသိရသေးဘူးဗျ”ဟု ရှမ်းမြောက်ဒေသခံ(၁)ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ မိုင်းယော်တိုက်နယ် လုံးမွန်းကျေးရွာတွင် တပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့မှ တပ်သားနှစ်ဦးသည် အသက်မပြည့်သေးသည့် နန်းယိင်းဟွမ်ကို လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်ခတ်ကြရင်း ကိုးကန့်တပ်သာ (၁)ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖေဖော် ဝါရီ(၇)ရက်က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာရေးအတွက် ရှမ်း၊ ကချင် အရပ်ဖက်အဖွဲ့အစည်းများမှ ဦးဆောင်ပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသကဲ့သို့ မိသားစုဝင်များမှလည်း လားရှိုးမြို့ (MNDAA)ရုံးသို့သွားကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်းမှ အာဆီယံအသင်းအဖွဲ့ကြီး၊ ကုလသမဂ္ဂနှင့် တရုတ်နိုင်ငံတို့ကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးကို မြှင့်တင်ရာ၌ အရေးပါသော အခန်းကဏ္ဌတွင် ပါဝင်သောကြောင့် နန်းယိင်းဟွမ်၏ ဘေးကင်းလုံခြုံရေးနှင့် လွတ်မြောက်ရေးအပြင် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို ထိန်းသိမ်းကူညီစောင့်ရှောက်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။

#PPV0011
#MNDAA
#နန်းယိင်းဟွမ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။