ခမ်းသားငေါဝ်း
မတ် ၇ ၊ ၂၀၂၅
စံကားဒေသရှိ စစ်ဘေးရှောင်များ အလုပ်အကိုင်ရှားပါးမှုနှင့် အလှူရှင်များနည်းပါးခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေရသည်ဟု မတ်လ(၆)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ဒေသခံအများအပြားစစ်ရှောင်နေရပြီး အလုပ်အကိုင်ရှားပါးမှုနှင့် အလှူရှင်များနည်းပါးခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရသည်ဟု သိရသည်။
“ကျွန်တော်တို့ရွာထဲမှာရှိတဲ့ ထီခိုးရွာဘက်ကစစ်ရှောင်တွေဆို (၆၀)လောက်ရှိမယ်ထင်တယ် သူတို့ကအမျိုးအိမ်မှာပဲ စုနေကြတာ၊ နေ့စားခေါ်တဲ့လူရှိရင် သူတို့ကိုပါခေါ်ပေးအုန်းတဲ့ ဘာအလုပ်ဖြစ်ဖြစ်ရတယ်တဲ့ အခုချိန်ကအလုပ်လည်းရှားတော့ သူတို့အတွက် စားဝတ်နေရေးတွေက အဆင်မပြေဘူး”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စံကားဒေသတွင် စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေသော်လည်း အလှူရှင်များလာရောက်လှူဒါန်းပေးမှုက မရှိသလောက်နည်းပါးနေကြောင်း သိရသည်။
“ဒီဘက်မှာက ဒေသတွင်းမတည်ငြိမ်လို့ထင်တယ် အလှူရှင်လာတာသိပ်မတွေ့ရဘူး၊ ဘုန်းကြီးကျောင်းမှာဆိုလည်း စစ်ရှောင်တွေရှိတယ် ရွာထဲကသူတို့အမျိုးအိမ်တွေမှာလည်းရှိတယ် အလှူရှင်တွေရှိရင်တော့ ပိုအဆင်ပြေတာပေါ့နော် ကျွန်တော်တို့က တတ်နိုင်သလောက် ကူညီပေးတယ်ဆိုပေမဲ့ လုံလောက်မှုကမရှိနေဘူး လူလည်းများတော့လေ” ဟု၎င်းကဆက်ပြောသည်။
စံကားဒေသတောင်ဘက်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အား တပ်ပေါင်းစုများ စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင်များသည်လည်း နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေ
#နယ်မြေမတည်ငြိမ်မှုများ
#အလုပ်အကိုင်ရှားပါးမှု
#အလှူရှင်များနည်းပါးခြင်း
#စားဝတ်နေရေး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။