The People’s Voice – ခမ်းသားငေါဝ်း
Fact Check – အချက်လက်စစ်ဆေးခြင်း

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာတွင် မတ်လ (၄)ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်အချိန်၌ အုံတိုင်းကျေးရွာရှိ (ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်း) မှ ကျောင်းထိုင် သံဃာတော်တစ်ပါးနှင့် အမျိုးသား တစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်သတ် ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တို့တွင် ဖယ်ခုံ PDF နှင့် KNDF တို့မှ သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲ ဝါဒဖြန့်ဝေထားပါသည်။ “ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ဖယ်ခုံမြို့ရှိ ဘုန်းကြီးတစ်ပါးကို KNDF အဖွဲ့မှ လုပ်ကြံ သတ်ဖြတ်သွားကြောင်း၊ ဆရာတော်သည် ရှမ်းလူမျိုးဖြစ်ကာ ဦးဇင်းပိန်ဟုလည်း‌ခေါ်ကြောင်း၊ NLD ပါတီအ မာခံဖြစ်‌ပြီး၊ဖယ်ခုံ PDFများကိုထောက်ပံ့ပေး‌နေသူဖြစ်‌သော်လည်းဆရာ‌တော်သည် ဖယ်ခုံဒေသခံပြည်သူများကို မြို့တွင်းသို့ ပြန်လည်နေထိုင်ရန် စည်းရုံးနေသည်ဟုဆိုကာ ငွေကြေးချမ်းသာသူမှ ဖယ်ခုံ PDFများကို‌ ငွေပေးကာ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခိုင်းခြင်းဖြစ်ကြောင်း ” ကို ထပ်ဆင့် ဝါဒဖြန့်ထားပါသည်။

ထိုသတင်းကို မတ်လ ၄ ရက်နေ့တွင် မတူညီသည့် စစ်ကောင်စီဝါဒဖြန့် လော်ဘီ တယ်လီဂရမ်အကောင့်များ ဖြစ်သည့် Mawshan Myay Media ၊ ရှမ်းပြည်နယ်သတင်းစုံ၊ ရွှေနေကြာ ၊ People Media ၊ REGION (6) ၊ Ko Thet စသည့် တယ်လီဂရမ်ချာနယ်တို့တွင် ဝါဒဖြန့်ဝေထားပြီး ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးနေချိန်၌ ကြည့်ရှူ့ သူ အများအပြား ရှိနေပြီး ဖြစ်ပါသည်။

သတင်းအမှားလင့်များ

Mawshan Myay Media – https://archive.ph/fuoUO

ရှမ်းပြည်နယ်သတင်းစုံ – https://archive.ph/Z7rlF

ရွှေနေကြာ – https://archive.ph/Jxzu6

ထိုအကြောင်းအရာကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်သည့်အခါ သတ်ဖြတ် ခံလိုက်ရသည့် ဖြစ်စဥ်ကို အသုံးချ၍ ဘာသာရေး ပဠိပက္ခဖြစ်စေရန်၊ ရှမ်းလူမျိုးနှင့် ကရင်နီလူမျိုးတို့အကြား လူမျိုးရေး ပဠိပက္ခ ဖြန်ပွားစေလိုသည့်ရည်ရွယ်ချက်တို့ဖြင့် ဖန်တီးရေးသားထားသော လူမျိုးရေးနှင့် ဘာသာရေး အမုန်းတရား လှုံ့ဆော်မှု သတင်းတု သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သတင်းစစ်ဆေးချက်

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာတွင် ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဥ်နှင့် ပတ်သက်ပြီး မိမိတို့ ဖယ်ခုံ PDF(၁၀၀၆ တပ်ရင်း) နှင့် လုံးဝမသက်ဆိုင်ကြောင်း နှင့် ၁၀၀၆ တပ်ရင်း၏ တပ်ဖွဲ့ဝင်များအားလုံးက ထိုသို့နိုင်ထက်စီးနှင်းသော လုပ်ရပ်အားပြုလုပ်ကျူးလွန်ခြင်းမရှိကြောင်း ထွက်ဆို ချက်များအား ကျွန်ုပ်တို့ရဲဘော်များက အသက်နှင့် သစ္စာခံကြောင်း၊ မပြီးဆုံးသေးသော တော်လှန်ရေးလမ်းခရီး တွင် တပ်ရင်းနှင့် လူထုအကြား သဘောထားကွဲလွဲစေရန် သွေးခွဲလုပ်ဆောင်သည့် မည်သို့သောအကြောင်း ရင်းများကိုမဆို လက်သင့်ခံမည် မဟုတ်ကြောင်း မတ်လ ၅ ရက်နေတွင် ပြည်သူလူထုထံ အသိပေးထုတ် ပြန်ထားပါသည်။

ဖယ်ခုံPDF (၁၀၀၆ တပ်ရင်း) ထုတ်ပြန်ချက် လင့် – https://www.facebook.com/share/p/1A6DW3xVk8/

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊အင်းအရှေ့ဖက်ကမ်း အုံတိုင်းရွာ ဘုန်းကြီးကျောင်းရှေ့တွင် မတ်လ ၄ ရက်နေ့၊ ညနေ ၄ နာရီအချိန် ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်းမှ ဦးဇင်းပိန်နှင့် ဆီစက်ပိုင်ရှင် ဦးကယားမောင်၏သား အိုက်ပီးတို့ကို ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာသည့် လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း၊ ပစ်သတ်ခံရသည့် ရဟန်းမှာ စစ်ဘေးရှောင်များကို ကူညီသူဖြစ်ကြောင်းနှင့် ယင်း ဦးဇင်းနှင့် အိုက်ပီးတို့ကို မည်သည့်အဖွဲ့ သတ်ဖြတ်သွားသည်ကို သေချာစွာ မသိရသေးကြောင်းကို မဲခေါင်းသတင်းဌါနမှ မတ်လ ၅ ရက်နေ့တွင် ဖော်ပြထားပါသည်။

မဲခေါင်သတင်းဌါနလင့် – https://www.facebook.com/share/p/19xJs74SSs/

ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာသို့ စစ်ဘေးရှောင်လာရင်း စစ်ဘေးရှောင်အရေးကို ကူညီပေးနေသည့် သျှမ်းဘုန်းကြီး ဦးဇင်းပိန်ခေါ် ဘွဲတော်ဦးဓမ္မသရနှင့် ၎င်း၏ဒကာဖြစ်သူတို့သည် ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာသို့ သွားစဉ် လမ်း၌ သေနတ်ပစ်သတ်ခံရအပေါ် ဒေသခံပြောကြားချက်မှာ “ဘုန်းကြီးက သေနတ်ဒဏ်ရာ (၈)ချက်၊ သူ့ရဲ့ ဒကာက ဒဏ်ရာနှစ်ချက်ပစ်ခံရတယ်။ ဘယ်အဖွဲ့ ကပစ်သွားလဲတော့ မသိရသေးဘူး။ အဲ့ဘက်မှာက ကရင်နီတပ်ပေါင်းစုရော ပအိုဝ်းပြည်သူ့စစ်ရောရှိတယ်။” ဟု ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံ တော်ဆင့်ထံ ပြောကြားထားကြောင်းကို မတ်လ ၅ ရက်နေ့တွင် ဖောပြထားပါသည်။

သျှမ်းသံတော်ဆင့် သတင်းလင့် – https://www.facebook.com/share/p/1CXZ4KTRJV/

သုံးသပ်ချက်

ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာတွင် ဖယ်ခုံမြို့- ရှမ်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ သေနတ်ဖြင့်ပစ်ခတ်သတ် ဖြတ်မှု ဖြစ်စဥ်မှာ သတင်းမှန်ဖြစ်ပါသည်။ လက်ရှိတွင် မည်သည့်အဖွဲ့က သတ်ဖြတ်သွားသည်ကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပါသည်။

စစ်ကောင်စီဝါဒဖြန့်ချိသူများ ဖြန့်ဝေထားသည့်အတိုင်း KNDF နှင့် PDF တပ်ဖွဲ့များမှ လုပ်ကြံသတ်ဖြတ်သွား ဆိုသည့်အကြောင်းအရာမှာ စွပ်စွဲရေးသားထားသည့် အကြောင်းအရာတစ်ခုသာ ဖြစ်ပါသည်။

၎င်းဖြစ်စဥ်အပေါ်မှ “ရှမ်းလူမျိုးတွေ အထွဋ်အမြတ်ထားကိုးကွယ်နေသည့် ရှမ်းကျောင်းဆရာတော်ကို KNDF ခရစ်ယာန်အကြမ်းဖက်အဖွဲက ရက်ရက်စက်စက်သတ်ဖြတ်” စသည့်လူမျိုးရေးနှင့် ကိုးကွယ်မှုဘာသာကို အခြေခံပြီး ရေးသားထားသော အသုံးနူန်းများဖြင့် ဝါဒဖြန့်ဝေထားမှုကို ကြည့်ခြင်းအားဖြင့် ရှမ်းလူမျိုးနှင့် ကရင်နီလူမျိုးတို့အကြား လူမျိုးရေးနှင့် ဘာသာရေး ပဠိပက္ခ ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးရေးသား ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

စစ်ကောင်စီသည် တိုက်ပွဲများ အရှိန်အဟုန်း ဖြစ်ပွားသည့် နေရာများ၊ မတူညီကွဲပြားသော ကိုးကွယ်မှုနှင့် လူမျိုးစု တို့ အတူယှဥ်တွဲနေထိုင်ကြသည့် ဒေသများကို အဓိကထားပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာများကို ဖော်ဆောင်လေ့ရှိကြောင်းကို ယခင်ခမ်းသားငေါဝ်းအချက်အလက်စစ်ဆေးထားသည့် မှတ်တမ်းများကို ကြည့်ရှူ့နိုင်ပါသည်။

ထီးစဲခါးရေတံခွန်ကျောင်းတိုက်ဆရာတော်အသတ်ခံရမှုလင့် -https://www.facebook.com/share/18SF1naWrW/?mibextid=wwXIfr
ဘုရားဆင်းတုတော်များ၏ဦးခေါင်းတော်များဖျက်ဆီးခံရမှုလင့် – https://www.facebook.com/share/19zAXj4Nxs/?mibextid=wwXIfr

သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါန မှ သတင်းများကိုဝင် ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်းဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။