ခမ်းသားငေါဝ်း
မတ် ၄၊ ၂၀၂၅
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၁၄)ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိပြီး နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် သတင်းဌာနက မတ်လ(၄)ရက်တွင် ဖော်ပြထားသည်။
ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့နယ်၊ ထာ့ခနွန်ကျေးရွာတွင် မတ်လ(၄)ရက်နေ့ နံနက်အစောပိုင်းက မြန်မာနိုင်ငံသား တရားမဝင် ဝင်ရောက်လာသည်ကို သတင်းရရှိပြီး ထိုင်းအာဏာပိုင်မှ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်မှ သွားရောက်စစ်ဆေးချိန် ထောင်ဖာဖှုန် ဟွေ့ခယိန် လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာမှာ ကားနောက်ခန်းမှ မိုးကာဖြင့် ဖုံးအုပ်ကာ လိုက်ပါလာသည့် မြန်မာနိုင်ငံသား(၁၄)ဦးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ပွဲစားခ တစ်ဦးလျှင် ဘတ်(၂၀၀၀၀)ပေးကာ မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ ဝင်ရောက်လာခဲ့ကြသူများဖြစ်သည်ကို တာဝန်ရှိသူမှ မေးမြန်ချိန်မှာ ဝန်ခံထွက်ဆိုကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား(၁၂)ဦး အမျိုးသမီး(၂)ဦးပါဝင်ပြီး ၎င်းတို့ကို ကားဖြင့် တင်ဆောင်လာသူ ယာဉ်မောင်းမှာ ထိုင်းအာဏာပိုင်များမှ စစ်ဆေးရန် လက်ပြနေသည်ကို တွေ့ရှိပြီး ကားကို လမ်းဘေးရပ်ကာ ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများကို လက်ရှိတွင် ထောင်ဖာဖှုန်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ကာ ဥပဒေအရ အရေးယူဆောင်ရွက်ပြီးသည်နှင့် နယ်စပ်မှတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
PPV0011
ပုံ-လူ့အခွင့်အရေး
#လူ့အခွင့်အရေး
#ကန်ချနဘူရီခရိုင်
#ထောင်ဖာဖှုန်မြို့နယ်
#ထာ့ခနွန်ကျေးရွာ
#ထိုင်းအာဏာပိုင်မှသွားရောက်စစ်ဆေးခဲ့
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။