ခမ်းသားငေါဝ်း
မတ် ၄၊ ၂၀၂၅
စံကားဒေသတွင် PNO ပြည်သူ့စစ်က စစ်အသုံးစရိတ်ဟုဆိုကာ ဒေသခံများထံ ဆက်ကြေးထပ်မံကောက်ခံသဖြင့် အခက်အခဲဖြစ်နေကြကြောင်း မတ်လ(၄)ရက်နေ့တွင် ဒေခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် PNO ပြည်သူ့စစ်က တွဲကား၊ ကားကြီး၊ ကားသေး၊ အိမ်သုံးကား၊ ဆိုင်ခန်းအကြီးအသေး၊ ကြက်ခြံကအစ အခွန်ပေးဆောင်ရမည်ဟု ပြောဆိုလာသဖြင့် ဒေသခံများက အခက်အခဲဖြစ်နေရကြောင်း သိရသည်။
တွဲကားတစ်စီးကို (၅)သိန်း၊ (၁၄)ပေကားတစ်စီး (၃)သိန်း၊ အိမ်သုံးကား(၅)သောင်း၊ ဆိုင်ခန်းကြီး (၁)သိန်း၊ ထော်လာဂျီတစ်စီး(၅)သောင်း စသဖြင့်အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
“အခုလာကောက်တာက စစ်အသုံးစရိတ်အတွက်လို့ပြောတာပဲ သေနတ်တွေဝယ်ဖို့ပေါ့၊ ဒီတစ်ခါလာကောက်တာက ကားအကြီးအသေး၊ ဆိုင်ခန်းအကြီးအသေးအကုန်ပါတယ် ကြက်ခြံတောင်မချန်ဘူး၊ ဆိုင်ခန်းဆိုရင် အသေးအကြီးပေါ်မူတည်ပြီး (၃)သောင်းကနေစကောက်တယ်” ဟုဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
PNO ပြည်သူ့စစ်က ယခုလိုဆိုင်ခန်းပါမကျန် ဆက်ကြေးကောက်ခံသောကြောင့် တစ်နိုင်တစ်ပိုင်ဆိုင်ခန်းဖွင့်သူများအတွက် အခက်အခဲများဖြစ်စေကြောင်း သိရသည်။
အိမ်ဆိုင်ခန်းဖွင့်ထားသည့် ဒေသခံအမျိုးသားတစ်ဦးက “ဆိုင်ဖွင့်ထားတာ ဆိုင်ကအကြီးကြီးလည်းမဟုတ်ပါဘူး အခုကရောင်းအားလည်းမကောင်းတာတစ်ဖက် ကုန်ဈေးနှုန်းတွေထိုးတက်တာကတစ်ဖက် အခွန်လာကောက်မဲ့သူကတစ်ဖက်ဆိုတော့ ဘယ်လိုမှ တွက်ချေမကိုက်တော့ဘူး၊ မရောင်းတော့တာအကောင်းဆုံးပဲ သူများအခွန်လာကောက်ရင် ပစ္စည်းကနဲနဲပဲဆိုတော့ အကုန်သိမ်းပြီးဝှက်ထားလိုက်မယ်”ဟု ပြောသည်။
စံကားဒေသတွင် PNO ပြည်သူ့စစ်မှ ဆက်ကြေးများကောက်ခံခြင်းသည် ဒုတိယအကြိမ်မြောက် ကောက်ခံခြင်းဖြစ်ပြီး (၂၀၂၄)ခုနှစ် ဒီဇင်ဘာလ ပထမလပတ်တွင်လည်း ပထမအကြိမ် ကားရှိသည့်ဒေသခံများထံသာ လာရောက်ကောက်ခံခဲ့ကြောင်းသိရသည်။
PNOပြည်သူ့စစ်သည် ဆက်ကြေးကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ တစ်နှစ်ဘယ်နှကြိမ်ကောက်ခံမည်ဟု ပြောဆိုထားခြင်းမရှိပဲ ကောက်ချင်သည့်အချိန်တွင်သာ လာရောက်ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။
#PPV007
ပုံ- အွန်လိုင်း
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#PNO
#တွဲကား
#ကားကြီး
#ကားသေး
#အိမ်သုံးကား
#ဆိုင်ခန်းအကြီးအသေး
#ကြက်ခြံကအစအခွန်ပေးဆောင်ရမည်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။