ခမ်းသားငေါဝ်း
မတ်လ ၃၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု ၊ ဘုရားနီကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်နန်းဦး ဘုရားနီ စေတီတော်ကြီးကို ရပ်စောက်ကိုရင်လေးဦးဆောင် ပြုပြင်မွမ်းမံပြီးလာမည့်ကိုရင်လေးမွေးနေ့တွင် ထီးတော်တင်မည်ဟုသိရသည်။
အသစ်တဖန်မွမ်းမံတည်ဆောက်ထားသည့် ဘုရားနီစေတီတော်ကိုပြည်တော်အေးစေတီတော်ကြီးဟုခေါ်တွင်စေပြီး လာမည့် တပေါင်းလဆန်း ၁၁ ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့အထိ ရွှေထီးတော်နှင့်ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်သွားမည်ဟုသိရသည်။
စေတီတော်ကြီး၏ စိန်ဖူးတော် ၊ ငှက်မြတ်နားတော် ၊ ရွှေထီးတော် တင်လှူပူဇော်ပွဲတော်ကို ရပ်စောက်ကိုရင်လေး ရှင်ဇဋိလသက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့ နှင့်ပူးတွဲပြီး ၅ ရက်ကျင်းပသွားမည်ဟုသိရသည်။
“ စေတီတော် မြတ်ကြီးကို ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်နေတာ အချိန် ၃ လ နီးပါးတော့ ကြာပါပြီ ။ ရပ်ဝေး ရပ်နီးမှ ပြည်သူတွေ ထောင်ပေါင်း သောင်းပေါင်း များစွာ လာရောက် လုပ်အားပေးကြတယ်။ ဟိုပုံး ၊ ဆီဆိုင် ၊ ပင်လောင်း တောင်ကြီး အနယ်နယ် အရပ်ရပ် ကနေ လာကြတယ်။ ကာယလုပ်အားဒါန ကုသိုလ် လာရောက်ခြင်း ဖြစ်ပါတယ်။ ”ဟု စေတီတော် တည်ဆောက်ရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ဆိုသည်။
အဆိုပါ ဘုရားနီး စေတီတော်သည် ရှေးဟောင်း သမိုင်းဝင် စေတီတော် တစ်ဆူ ဖြစ်ပြီး ၊ ညောင်ရွှေမြို့နယ် ၊ ကောသမ္ဘီမြို့ဟောင်း ရှိ ပေါရိသတ် စေတီတော်၏ ညီမတော် တည်ထားသော စေတီဖြစ်ကာ၊ ဘုရားနီ စေတီတော်သည် အကိုတော် တည်ထားသော စေတီတော်ဖြစ်ကြောင်း ပါးစပ်ရာဇဝင် ရှိခဲ့သည်။
တိုင်းပြည် အုပ်ချုပ်ရန် ၃ နှစ် တစ်ကြိမ်အစား စေတီတော် အရင်ဆုံးပြီးစီးသူက စော်ဘွားအဖြစ်ရရှိရန် သဘောတူကြပြီး မင်းသားနှင့် မင်းသမီး တို့သည် စေတီတော် ကို အပြိုင်အဆိုင် တည်ကြရာ ညီမတော် ဖြစ်သူက ဝါး၊ နှီး၊ ဖျာ တို့ဖြင့် စေတီတော် ကို အမြန်အဆန်ပြီးစီးအောင် တည်လိုက်သည်ဟု ရာဇဝင်လာရှိသည်။
ထိုဘုရားနီ စေတီတော် ဘုရားကုန်းသည် ခေတ်အဆက်ဆက်ပြုပြင်သူမရှိသဖြင့် ယိုယွင်းနေရာ ယခု ပြန်လည် မွမ်းမံ တည်ထားကိုးကွယ်ခြင်း ဖြစ်သည်။
ရပ်စောက် မြို့နယ် အင်ကြင်းတောရကျောင်း ကိုရင်လေး ဇဋိလ (ဗုဒ္ဓရာဇာသာသနာပြုအဖွဲ့) ဦးဆောင်၍ ညောင်ရွှေမြို့နယ် ၊ ပေါရိသတ် ဘုရား အနီး ရှိ မြို့ဟောင်း အနီးတွင် လည်း စေတီတော် မြတ်များ တည်ထား ကိုးကွယ်ခဲ့သေးကြောင်း သိရသည်။
#PPV-006
#ဘုရားနီစေတီတော်
#ပြည်တော်အေး
#ဘာသာရေး
#ရပ်စောက်ကိုရင်လေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။