ခမ်းသားငေါဝ်း
မတ်လ ၂၊ ၂၀၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမှ တာကော်အကြား စပယ်ရှယ်တောင်တွင် ခရီးသည်တင် ယာဥ် ချောက်ထဲကျတိမ်းမှောက်သဖြင့် ၇ဦး သေဆုံးကာ စီးနင်းလိုက်ပါသူ အများအပြား ဒဏ်ရာရရှိကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

ဖြစ်စဉ်သည် မတ်လ ၁ ရက်၊ ည ၈နာရီခွဲ အချိန်ခန့်တွင်၊ ကျိုင်းတုံမြို့နယ်၊စပါယ်ရှယ်တောင်၊ လက်ပံကွေ့( ၁) ၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ)ကြားတွင် တာချီလိတ်မှ မန္တလေးသို့ မောင်းနှင်လာသော တာချီလိတ်-ရန်ကုန်ပြေးဆွဲသည့် ခရီးသယ်ယာဉ်တောင်အောက်သို့ ပြုတ်ကျ တိမ်းမှောက်သွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထိုဖြစ်စဉ်ကို ကူညီရန် ကျိုင်းတုံခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှု ယာဉ်တစ်စီး ၊ ရှာဖွေကယ်ဆယ်ရေး ယာဉ် တစ်စီး ၊ ကျိုင်းတုံမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ် ယာဉ် တစ်စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုကားမှောက်ခြင်းကြောင့် ယာဉ်ပေါ် လိုက်ပါလာသူကျား ၁၄ ဦး ၊ မ ၁၈ ဦး တို့တွင် ကျား ၅ ဦး ၊ မ ၂ ဦး သေဆုံးကာ ၊ အခြား ခရီးသည်များ ၂၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းနေလူမှုကူညီရေးအသင်းမှလူနာတင်ယာဉ်၊ မိဘသွေးလူမှုကူညီရေးအသင်းမှလူနာတင်ယာဉ်၊ နှလုံးလှလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်များဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကျိုင်းတုံ ရှိ စပါယ်ရှယ်တောင် ၊ ပန်ကြူတောင် အဆင်း တို့သည် အန္တရာယ် ရှိသော လမ်းကြောင်းများ ဖြစ်၍ သတိဖြင့် သွားလာရန် လိုအပ်ကြောင်း လူမှုကူညီရေး အသင်းများက တိုက်တွန်းထားသည်။

#PPV-006
#မှုခင်း
#ယာဥ်တိုက်မှု
#ကျိုင်းတုံ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။