ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅

စစ်ကောင်စီအုပ်ချုပ်နေသည့် မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုအပါ လောင်းကစားဝိုင်းများ တနေ့ထက်တနေ့ ဆိုးရွားလာပြီး အရေးယူမှုမရှိ ဖြစ်နေကြောင်း ဖေဖော်ဝါရီ(၂၆)ရက်တွင် စုံစမ်းသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ရာဇဝတ်မှုအတွက် အရေးယူမှုကင်းမဲ့သောကြောင့် ခိုးဆိုး လုယက်မှုအပြင် လူသတ်မှု ဖြစ်စဉ်ပါ မကြာခဏ ကြုံတွေ့နေရကြောင်း ဒေသခံထံမှ သိရသည်။

“လုံခြုံမှု မရှိတာကို ဒေသခံတွေစိတ်ထဲမှာတော့ ကိုယ်စီရှိကြတယ်။ လောင်းကစားဝိုင်း၊ KTV‌ တွေကလည်း ပေါလာသလားမမေးနဲ့။ လူငယ်တွေလည်း တော်တော်ပျက်စီးကြတယ်။ ဘာလို့ဆို တအားလွတ်လပ်သလို ဖြစ်နေတော့လေ။ အဆိုးဆုံးကတော့ လူသတ်မှု၊ ခိုးမှု၊လုယက်မှု ဖြစ်နေတာကို တာဝန်ယူဖြေရှင်းတာ မရှိသလောက်ပဲ” ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

မူဆယ်မြို့တွင် မကြာခဏ ခိုးဆိုးလုယက်မှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း တာဝန်ရှိသူမှ တာဝန်ယူဖြေရှင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ဒေသခံများ အပြင်သွားတိုင်း စိတ်လုံခြုံမှု မရှိပဲ စိုးရိမ်းမှုဖြင့် သွားလာနေကြရကြောင်း သိရသည်။

ဒေသခံအမျိုးသမီး(၁)ဦးလည်း “မနေ့ကလည်း မိန်းကလေးစီးလာတဲ့ဆိုင်ကယ်ကို ယောကျာ်းလေးနှစ်ယောက်က နောက်က လိုက်ပြီး ပိုက်ဆံအိတ်လုသွားတယ် ကြားတယ်။ ဒါတောင် နေ့ဖက်နော်။ ညဆို တော်ရုံလူဆို အပြင်မထွက်ရဲကြဘူး။ ကိုယ့်အသက်က ဘာအာမခံချက်မှ မရှိတာ။ ကိုယ်ဖြစ်ကိုယ်ခံပဲ” ဟု ပြောသည်။

မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြားလာပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်လည်း မကြာခဏရှိသကဲ့သို့ လူသတ်မှုလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

#PPV0011
#ဥပဒေစိုးမိုးရေး
#လောင်းကစား
#ခိုးဆိုလုယက်မှု
#မူဆယ်

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

You missed