ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅

အကြောင်းအမျိုးမျိုးကြောင့် ရှမ်းရှေ့သို့ ရော်ဘာခြံ အလုပ်သွားလုပ်ကြသူများ စားဝတ်နေရေး အဆင်မပြေမှု ကြုံတွေ့နေရကြောင်းသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း နေထိုင်ကြသူများ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် အဆင်မပြေမှုနှင့် စစ်မှုထမ်း ဥပဒေကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်ရန် သွားကြသူများ ယခုအချိန်မှာ စားဝတ်နေရေး ခက်ခဲမှု ကြုံတွေ့နေရကြောင်း ဖေဖော်ဝါရီ(၂၅)ရက်မှာ စုံစမ်းသိရသည်။

စစ်ရေးပဠိပက္ခ‌ကြောင့် ရှမ်းအရှေ့ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ ရော်ဘာခြစ် အလုပ်လုပ်ကိုင်သူ ယခင်နှစ်ထက် လူဦး‌ရေ ပိုမိုများပြားလာပြီး အလုပ်ရရှိရန် ခက်ခဲသည့်အပြင် စားဝတ်နေရေး အဆင်မပြေမှုဒဏ်ကို ခံစားနေရကြောင်း ရော်ဘာအလုပ် လုပ်ကိုင်ရန် သွားကြသူများထံမှ သိရသည်။

“ဒီနှစ်က လူတအားများလာတယ်။ ရခိုင်ပြည်ကလူတွေ၊ မြန်မာပြည်အောက်ဖက်ကလူတွေ၊ ရှမ်းမြောက်၊တောင်က လူတွေ ဒီမှာပဲ လာစုသလို ဖြစ်တော့။ အလုပ်ရှာရခက်လာတယ်။ ရော်ဘာခြံလည်း အဆက်သွယ်ကောင်းမရှိသူဆို အခုထိမရသေးတာ တပုံကြီး။ တစ်ရက်တစ်ရက် အလုပ်ရှာနေရတာနဲ့ ပါလာသမျှအကုန်ကုန်ပြီး စားဖို့တောင် မရှိတော့ဘူး” ဟု ရှမ်းရှေ့ အလုပ်သွားလုပ်သူ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ရော်ဘာခြစ် ကာလသည် ဧပြီလမှ စတင်လုပ်ကိုင်ရမည် ဖြစ်သော်လည်း အလုပ်ကြိုရှာရမည့်အခြေ အနေနှင့် စစ်မှုထမ်း ကိစ္စကြောင့် ဇန်နဝါရီလတည်းက သွားရောက်ကြကြောင်း သိရသည်။

“ကိုယ့်ဒေသမှာ လုပ်ငန်း လုပ်ကိုင်ဖို့က အရင်းအနှီးပါ ပြုတ်တဲ့ အခြေအနေဖြစ်တယ်။ ငွေးကြေးဖောင်းပွမှုနဲ့ ကိုယ်လုပ်တဲ့ဟာလောက် ပြန်မရတော့။ ဒီဘက်ကို လာကြတာ။ ဒီမှာက တရုတ်ယွမ်နဲ့ လခပေးတော့ မြန်မာငွေနဲ့ ပြန်လဲပြီး အိမ်ပို့ရင် နည်းနည်းခံသာတယ် ပြောရမှာပေါ့”ဟုသူကဆက်ပြောသည်။

မိမိနေထိုင်ရာ ဒေသတွင် တောင်ယာလုပ်ငန်း လုပ်ကိုင်ရာ၌ အသုံးပြုသည့် စက်ပစ္စည်းမရှိသူများ အနေဖြင့် တစ်နှစ်ပတ်လုံး လုပ်ငန်းအပေါ်ရရှိသော အမြတ်ငွေသည် (၈)သိန်းကျော်သာ ရရှိပြီး မိသားစု စားဝတ်နေရေးအတွက် ဖူလုံမှု မရှိသောကြောင့် မိသားစုလိုက် ရှမ်းအရှေ့ ရော်ဘာခြစ်လုပ်ငန်း လုပ်ကိုင်ကြသူ အများအပြားရှိကြောင်း သိရသည်။

အမျိုးသမီး တစ်ဦးလည်း”အိမ်မှာက အကုန်ပစ်ထားပြီး မိသားစုလိုက် သားသမီး ပညာရေးပါ မကြည့်နိုင်တော့ဘူး။ ဒီမှာလာကြတယ်။ အခုလောလော ဆယ်တော့ အလုပ်မရသေးလို့ ဒုက္ခရောက်တယ်။ အလုပ်ရှာနေတာပဲ လူများတော့ အလုပ်ကရှားတယ်။နောက်တော့ အဆင်ပြေလာမယ် မျှော်လင့်ရတာပဲ”ဟု ခမ်းသားငေါဝ်းကို ပြောသည်။

ရှမ်းအရှေ့သို့ အလုပ်လုပ်ကိုင်ရန် ရှမ်းတောင်မှ မိသားစုလိုက် သွားကြသူများ အနေဖြင့် မိမိနေထိုင်ရာ ကျေးရွာတွင် ရွာလုပ်ငန်းအတွက် တစ်နှစ်စာ ရွာသူကြီးမှ သတ်မှတ်ထားသည့် ငွေကြေးအလိုက်ထည့်ဝေခဲ့ရပြီး ရှမ်းရှေ့အလုပ်လုပ်ကိုင်ရာမှာလည်း နေထိုင်ခွင့်လက်မှတ် ပြုလုပ်ရကြောင်း သိရသည်။

နေထိုင်ခွင့် လက်မှတ် ပြုလုပ်ရာတွင် တရုတ်ယွမ်(၆၀)မှ (၁၀၀)အတွင်း ပေးရပြီး သက်တမ်းအနေဖြင့် (၆)လတကြိမ် တိုးနရကြောင်း သိရသည်။

ထို့အပြင် ရှမ်းတောင်နှင့် ရှမ်းမြောက်မှ ရှမ်းအရှေ့သို့ အလုပ်လုပ်ကိုင်ရန် သွားကြသူများသည် စစ်ကောင်စီစောင့်သည့် ဂိတ်တွင် အစစ်အဆေးတင်းကြပ်မှုရှိပြီး အချို့သော တိုင်းရင်းသားများကို ဖြတ်သန်းသွားလာနိုင်ရန် ကိုင်ဆောင်သော မှတ်ပုံတင်ပေါ် မူတည်ပြီး ငွေးကြေးပေးဆောင်ရကြောင်း သိရသည်။

#PPV0011
#humantarian
#ရော်ဘာ
#ရှမ်းရှေ့
#အလုပ်ကိုင် အခွင့်အလှမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။