ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

မိုဘိုင်း ငွေပေးချေ app တစ်ခု ဖြစ်သည့် Kpay ဖြင့် ငွေကြေး လိမ်လည်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ဘဏ်မှ တာဝန်ယူ ဖြေရှင်းပေးမှု မရှိဖြစ်နေကြောင်း သုံးစွဲသူများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စားသောက်ဆိုင်များ၊ လုပ်ငန်းရှင် ဆိုင်ခန်းများထံ ဖုန်းဆက်၍ မိမိက ပုဂ္ဂလိက ဆေးရုံပိုင်ရှင် ဖြစ်ကြောင်း ၊ စားစရာလာပို့ပေးရန်နှင့် ငွေကြေး ခေတ္တ စိုက်ချေးထားပေးပါရန် ၊ ဆေးရုံကို စားစရာ လာပို့ချိန် ထုတ်ယူပေးပါရန် ဖုန်းဆက်၍ လိမ်လည်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

‘ ကျွန်တော့် အသိဆိုရင် သုံးလေးခုတောင် ကြားရတယ်။ တက္ကစီကားဆရာ တစ်ယောက် ကားငှားတာ ကျန်းမာရေးကိစ္စ ကလောကိုသွားဖို့ ၁၆ သိန်းနဲ့ တည့်တယ်။ အဲဒါ အောင်ဆေးရုံးကိုခေါ်တယ်။ အောင်ဆေးရုံ ရောက်တော့ ပိုက်ဆံ ရှင်းတာ ၈ သိန်းလိုနေလို့ ခဏ စိုက်ပြီး လွှဲထားပေးပါ ပြီးရင်ပေါင်း ရှင်းပေးမယ် ဆိုတော့ ရှင်းပေးလိုက်တာ ၈ သိန်း ပါ သွားတယ်။”ဟုတောင်ကြီးဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ဟိုတယ်တခုတွင် ဧည့်ကြိုကောင်တာကိုဖုန်းဆက်ပြီး ၁၀၁ အခန်းကဟုဆိုကာ အရေးကြီး Kpay တစ်သိန်းခွဲ လိုနေ၍ ခဏ စိုက်လွှဲထားပေးရန် ပြီးမှ အခန်းတွင် လာယူပါဟုပြောကာ လွှဲပေးပြီးမှ အခန်းသို့ သွားတောင်းရာထိုအခန်းက ဧည့်သည်မဟုတ်ကြောင်း ပြောမှ အလိမ်ခံရမှန်းသိခြင်းလည်းဖြစ်ပွားခဲ့သည်။

ဖုန်းအပ်ပလီ ကေးရှင်းများမှ တဆင့်ဖုန်းနှင့် အကောင့် ဟတ်ခံလိုက်ရပြီး ၊ မိမိ ဖုန်းအတွင်းရှိ မိုဘိုင်းဘဏ် Kpay အစရှိသော ငွေကြေးများကို ထုတ်ယူမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။

ထိုဖြစ်စဉ်များကို သက်ဆိုင်ရာ မြို့နယ် ရှိ ဘဏ်များထံသို့ သွားရောက် ရှင်းလင်းပြောဆို၍ အကူအညီ တောင်းသော်လည်း သုံးစွဲသူ၏ ပေါ့ဆမှုကြောင့် ဟု ဆိုကာ တစ်စုံတစ်ရာ ထိရောက်သော ဖြေရှင်း ဆောင်ရွက်မှု မရှိကြောင်း ရှမ်းပြည်တောင်ပိုင်း တွင် နေထိုင်သော ကာယကံရှင် တစ်ဦးက ပြောပြသည်။

တချို့ ဘဏ်အကောင့် နှင့်Kpay ချိတ်ထားသော အကောင့်များကို ရုံးချုပ်မှ တာဝန်ရှိသူဟုဆိုကာ ဖုန်းဆက် လိမ်လည်ပြီး ငွေကြေး အားလုံး ထုတ်ယူခိုးယူမှုများလည်း ကြုံတွေ့ခဲ့ရဖူးကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

#PPV-006
#social
#kpay
#ငွေလိမ်လည်မှု

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။