ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅

ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ရောက်ရှိသည့် စစ်ဘေးရှောင်နေသူများအချို့ကျန်းမာ ရေးစောကက်ရှောက်မှု လိုအပ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ်တွင်ရောက်ရှိသည့် စစ်ရှောင်စခန်း မှ စစ်ဘေးရှောင်များသည် ကျန်းမာရေး စောက်ရှောက်မှုလိုအပ်နေခြင်းဖြစ် ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က စုံစမ်းသိရသည်။

“စစ်ရှောင် စခန်းဆိုတော့ လူများတော့ တစ်ယောက် ယောက်နေမကောင်း ဖြစ်ရင် တစ်ယောက်ပြီး တစ်ယောက်ကူးကြတယ်။ ဆေးဝါးလာရောက် လှူတန်းသူ ရှိပေမဲ့ စခန်းမှာဆေးဝါးနှင့် ပတ်သက်ပြီး ဦးစီးဦးဆောင်သူများ မရှိတဲ့ခါ ဆေး‌တွေက အလာဟသ ဖြစ်သွားတဲ့ အခြေအနေလည်း ရှိတယ်”ဟု စစ်ဘေးရှောင်သူ တစ်ဦးက ခမ်းသားငေါဝ်း ကို ပြောသည်။

လက်ရှိတွင် ညောင်ရွှေမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်တားမြစ်ထားသောကြောင့် စစ်ဘေးရှောင်သူများသည် ပို၍ အခက်ခဲကြုံရကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ရှမ်းကရင်နီ နယ်စပ်နှင့် ကရင်နီပြည်နယ်အတွင်းရှိပြည်သူများက ညောင်ရွှေမြို့နယ်သို့ စစ်ရှောင်နေကြပြီး အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးအပြင် အလုပ်အကိုင်ရှားပါးမှုကြောင့်အခက်ခဲကြုံတွေ့ရကြောင်း သိရသည်။

အခြား စစ်ဘေးရှောင်နေသူတဦးက”ဒီကိုလာရှောင်တယ် ဆိုတာလည်း ကျွန်တော်တို့က ဟိုမှာနေလို့ အဆင်မပြေလို့လေနော်ဘယ်သူမဆို ကိုယ့်အိမ်ကိုယ်တော့ ပြန်ချင်ကြတာပဲ။ တချို့အဆင်ပြေတဲ့သူတွေတော့ ပြန်ကြတာရှိပေမဲ့ ကျွန်တော်တို့ဆို အိမ်လည်းမရှိတော့ဘူးလေ။ကိုယ့်ဒေသလည်း မဟုတ်တဲ့အခါကျတော့ အလုပ်အကိုင်ကလည်း ရှားဆိုတော့ အဆင်မပြေမှုတွေတော့ အများကြီးပါ” ဟု ခမ်းသားငေါဝ်းကို ပြောသည်။

ထို့အပြင် စစ်ကောင်စီအုပ်ချုပ်ရေးမှ စစ်ရှောင်များကိုမတ်လအကုန် ကလေးစာမေးပွဲပြီးလျှင် နေရပ်ပြန်ခိုင်းမည် ဆိုသည့် သတင်းကြောင့် အိမ်မရှိတော့သူများ စိုးရိမ်ပူပန်မှု ရှိနေကြောင်း သိရသည်။

” မတ်လကုန်ရင် ပြန်ရမယ် သတင်းကြားတယ်။ဘာလို့ ပြန်ခိုင်းတာလဲဆိုတာတော့ တိတိကျကျမသိ‌နေဘူး။အဆင်မပြေတဲ့သူတွေက မပြန်ကြ‌တာလေနော်။ အဲ့တာကို သူတို့က အတင်းပြန်ခိုင်းမယ် ဆိုတော့ ဘာကြောင့်လဲပေါ့။ အခြေအနေကရော တကယ်အေးချမ်းပြီလားပေါ့။ ဒါမှ မဟုတ် မတည်ငြိမ်တဲ့နေရာကို ကျွန်တော်တို့ကို အတင်းတွန်းပို့ပြီးတော့ ခုတုံးလုပ်ချင်တာလားပေါ့”ဟု စစ်ဘေးရှောင်သူက ထပ်ပြောသည်။

ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင် စခန်းပေါင်း (၈) ခု ရှိကာ ကယား(ကရင်နီ)ပြည်နယ်မှ နေရပ်ရှောင် ပြည်သူများ တစ်ထောင်နီးပါး ကျန်သေးကြောင်း သိရသည်။

photo credit
#PPV0011
#Humanright
#ညောင်ရွှေမြို့နယ်
#စစ်ရှောင်
#ကျန်းမာရေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။