ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ၂၀၊ ၂၀၂၈
စံကားဒေသ ထီရီးကျေးရွာရှိ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်သားများအတွက် ဒေသခံများက ထမင်းနေ့တိုင်းထုပ်ပေးနေရပြီး ကြက်ဥဟင်းထည့်ချက်ခွင့်မပေးထားကြောင်း ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသထီရီးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က တပ်စွဲနေရာယူထားပြီး ၎င်းတို့အတွက် မှော်ဘီရွာတောင်ဘက်တစ်ကျောရှိ ပအိုဝ်းရွာဒေသခံများက ထမင်းထုပ်နေ့တိုင်းပို့ပေးနေရသည်။
“အခုကထီရီးရွာမှာရှိတဲ့ စစ်သားတွေအတွက် တစ်အိမ်ကိုထမင်း(၉)ထုပ်စီပို့ပေးရတယ်၊ ပို့ပေးရတာကတော့ တပတ်လောက်ရှိပြီ မှော်ဘီတောင်ဘက်တစ်ကျောမှာရှိတဲ့ ပအိုဝ်းရွာတွေအကုန်ပို့ပေးရတယ်၊ (၃)ရက်တစ်ခါခြား တစ်ရွာတစ်လှည့်စီပေ့ါ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ထမင်းထုပ်ပို့ပေးရာတွင် မနက်(၅)နာရီအလွန်ဆုံးထားကာ ထီရီးရွအထိကားရှိသည့် ဒေသခံများက သွားရောက်ပို့ဆောင်ပေးရပြီး ကြက်ဥဟင်းလည်းချက်ပြုတ်ထည့်လာခွင့် မပြုထားကြောင်း သိရသည်။
“သူတို့က(၅)နာရီနောက်ဆုံးထားသွားပို့ပေးရမယ်ဆိုတော့ ထမင်းထုပ်ပို့ပေးရမယ့်ရက်ရောက်ရင် တစ်ရွာလုံးမနက်(၃)နာရီကတည်းကထချက်ပေးရတာ ကြက်ဥဟင်းကလွဲလို့ တစ်ခြားဟင်းအကုန်ရတယ်ဆိုတော့ အသားဟင်းတွေချက်ရင် တစ်ပိဿာလောက်ရှိမှရတာ (၃)ရက်တစ်ခါခြားပို့ပေးရတော့ တစ်ခါတစ်လေဟင်းရှာရခက်တဲ့ ပြဿနာတွေတော့ရှိတာပေ့ါ၊ ကြက်ဥဟင်းကဘာလို့ပေးမချက်တာလည်းဆိုတာတော့ ကျွန်မလည်းသေချာမသိဘူး လာဘ်တွေပိတ်မှာစိုးလို့ထင်တယ်”ဟု သူမကဆက်ပြောသည်။
ထုပ်ပိုးပြီးထမင်းထုပ်ကို ကားရှိသည့်သူနေအိမ်သို့သွားရောက်စုထားရပြီး ထမင်းထုပ်သွားပို့ပေးရာမှာလည်း ရွာလူကြီးများကိုယ်တိုင်လိုက်ပို့ပေးရကြောင်း သိရသည်။
လက်ရှိအချိန် စံကားဒေသတောင်ဘက် ထီခိုးကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေခြင်းကြောင့် စံကားတောင်ဘက်ဒေသခံများက စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ
#ထီရီးရွာ
#စစ်ကောင်စီ
#PNO
#ပြည်သူ့စစ်
#မှော်ဘီရွာတောင်ဘက်တစ်ကျော
#ပအိုဝ်းရွာဒေသခံများ
#ထမင်းထုပ်နေ့တိုင်းပို့ပေးနေရ