ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

ရှမ်းတောင်- ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် ထိတွေ့တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလအတွင်း ပြည်သူ့စစ်မှုထမ်း ၁၃ ဦးဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသူ ၅ ဦး နှင့် စစ်မြေပြင်အတွင်း လက်နက်မဲ့ထွက်ပြေးလွတ်မြောက်လာသူ ၈ ဦးတို့ကို ခေါ်ယူနိုင်ခဲ့ပြီး သက်ဆိုင်ရာဗဟိုငှာနများတွင် လုံခြုံစွာထားရှိကြောင်း KNDF ကဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောပြချက်အရ ပြည်သူ့စစ်မှုထမ်းအားလုံးနီးပါးမှာ တပ်ထဲသို့ဝင်ရန်ဆန္ဒမရှိဘဲ အတင်းအဓမ္မစုဆောင်းခြင်းခံရသူများဖြစ်ပြီး အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်နေကြောင်းသိရသည်။

ကရင်နီပြည်နယ်အတွင်း စစ်မြေပြင်သို့ပို့ဆောင်ခံရသူအများစုမှာ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဘားအံမြို့၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း မှ စစ်မှုထမ်းများဖြစ်ကြကြောင်းသိရသည်။

လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း၊ တပ်သားသစ်စုဆောင်းခြင်း များမခံရစေရန် အထူးသတိပြုနေထိုင်ကြရန်၊ စုဆောင်းခံရပြီးရှေ့တန်းစစ်မျက်နှာပြင်သို့ပို့ဆောင်ခံရပါကလည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက် ဘက်ပြောင်းခိုလှုံကြဖို့ KNDF ကတိုက်တွန်းထားသည်။

PPV 003
ပုံ-KNDF
#လူ့အခွင့်အရေး
#စစ်ရေး
#ရှမ်းတောင်
#ကရင်နီနယ်စပ်
#မိုးဗြဲမြို့
#ထိတွေ့တိုက်ပွဲများ
#ပြည်သူ့စစ်မှုထမ်း
#ဘက်ပြောင်းခိုလှုံလာ
#ကရင်နီအမျိုးသားကာကွယ်ရေးတပ်
#KNDF

You missed