ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅
ကျေးသီးမြို့နယ်တွင် ဆောင်းအကုန် နွေအကူး ကာလ၌ နှာစေးချောင်းဆိုး အဖြစ်များလာပြီး အထူးသဖြင့် တောရွာတွင် နေထိုင်ကြသည့် ကလေးငယ်များ အဖြစ်များကြောင်း ဖေဖော်ဝါရီ(၁၈)ရက်တွင် စုံစမ်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ကျေးရွာအချို့တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် စားဝတ်နေရေး အခြေအနေ အဆင်မပြေမှုကြောင့် နှာစေး ချောင်းဆိုး ကလေးငယ်များကို မိဘများက ဆေးရုံဆေးခန်းသို့ မပြသနိုင်ကြောင်း သိရသည်။
“အခုကာလမှာ ပိုဆိုးလာတယ်။ လူကြီးရော လူငယ်၊ကလေးအပါ။ တစ်ယောက်ပြီးတစ်ယောက် ကူးနေကြသလိုပဲ။ နေတအားပူတာနဲ့ တောင်ယာလုပ်ကိုင်ကြတဲ့သူတွေပဲဆိုတော့ ဖြစ်ကြတယ်။ ဆေးခန်းတော့ မပြကြဘူး။ သိတဲ့သူညွန်းပေးတဲ့ ဆေးတွေပဲ ဝယ်သောက်ဖြစ်တာ များတယ်”ဟု ဒေသခံအမျိုးသမီး တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
နှားစေးချောင်းဆိုးရာမှ ဆေးရုံဆေးခန်းမပြဘဲ ထင်မြင်ရာ ဆေးတွေသာ ဝယ်သောက်နေမှုကြောင့် နို့တိုက်မိခင်နှင့် လသားကလေးငယ်မှ (၃)ရက် ဆက်တိုက် အိပ်ယာထဲ လဲလျောင်းနေရသည့် အခြေအနေအဖြစ် ရှိနေကြောင်း သိရသည်။
“အဲ့လိုပဲ ကျန်းမာရေး အသိပညာလည်း နည်းပါးကြတော့ စားဝတ်နေရေးထက် အရေးကြီးတာ မရှိဘူး ထင်နေကြတယ်။ တစ်ခုက မြို့ထဲသွားဖို့လည်း ဝေးတယ်လေနော်။ အစကတည်းက စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေကြရတဲ့ အခြေခံ လူတန်းစား မိသားစုတွေ ဖြစ်တော့ ကျန်းမာရေးဆို ဦးစားမပေးနိုင်ကြဘူး” ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
ကလေးငယ် ဖြစ်စေ၊သက်ကြီးသူ ဖြစ်စေ နှာစေးချောင်းဆိုးတာ ကြာနေရင် မပေါ့ဆသင့်ပဲ ဆေးရုံဆေးခန်းပြခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကျန်းမာရေးအသိပညာပေး တစ်ဦးက ပြောသည်။
“ရာသီအကူးအပြောင်းဆိုတော့ တော်တော်များများ ဖြစ်ကြတယ်။ ချောင်းဆိုးတာဆိုတာလည်း ချွဲထွက်ပြီး ဆိုးတဲ့ချောင်းလား၊ လည်ချောင်းယားပြီးဆိုးတဲ့ချောင်းလား ဒါမှမဟုတ် ရင်ကြပ်ပြီး ဆိုးတဲ့ချောင်းလား အမျိုးမျိုးရှိကြတယ်ပေါ့။ ဆိုတော့ တောရွာတွေမှာ သူများသောက်ပြီး သက်သာတိုင်း ကိုယ်သောက်တဲ့ဆေးက မသက်သာဘူး ဆိုတာ အဲ့တာပေါ့နော်။” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဖြစ်နိုင်ရင်တော့ သိကျွမ်းသည့် ဆရာဝန်၊ ဆရာမများနှင့် တိုင်ပင်စေချင်ကြောင်း ကြာရင် မလိုလားအပ်သည့် နောက်ဆက်တွဲ ရောဂါများ ဖြစ်လာနိုင်သောကြောင့် မပေါ့ဆစေလိုကြောင်း ၄င်းကဆက်ပြောသည်၊၊
ရာသီဥတု အကူးအပြောင်း ကာလမှာ နှာစေးချောင်းဆိုး မဖြစ်စေရန် အစားအသောက်၊ ရေချိုးခြင်းတို့ကို ဂရုစိုက်ရန် လိုအပ်ကြောင်း သိရသည်။
PPV0011
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ကျန်းမာရေး
#ကျေးသီးမြို့နယ်
#ဆောင်းအကုန်နွေအကူး
#နှာစေးချောင်းဆိုး
#တောရွာတွင်နေထိုင်ကြသောကလေးငယ်များ