ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၆၊၂၀၂၅
လျှပ်စစ်မီး ပုံမှန်မလာ၍ တောင်ကြီးမြို့ပေါ် ရပ်ကွက်ရှိ ရေဝယ်သုံးရသူများ ရေဝယ်ယူ ရန်အခက်နှင့်ကြုံတွေ့နေရကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့တွင် ရပ်ကွက်တော်တော်များများ ရေဝယ်သုံးနေရပြီး လျှပ်စစ်မီးပုံမှန်မလာ၍ ရေကားရောင်းသူလည်းမရှိဖြစ်လာရကြောင်းသိရသည်။
“အခု လျှပ်စစ်မီးတွေ ပြတ်တောက်တော့ ရေကားတွေ လုံး၀ ဝယ်မရဘူး။ ရေရောင်းတဲ့ နေအိမ် တွေ မီးမလာတော့ ရေမတင်ရဘူး။ ရေမရှိတော့ ရေကားတွေလည်း ဘယ်မှာမှ သယ်လို့ မရတော့ဘူး။ တချို့ ရပ်ကွက်တွေ ရေဝယ်လို့ မရဘူး။ ”ဟု ပြည်သူ တစ်ဦးက ဆိုသည်။
ထို့အပြင်တောင်ကြီးမြို့ရှိရေကန်ကြီးများ၊ ရေထွက်များ စတင် ခန်းခြောက်လာပြီးနွေရာသီ မရောက်ခင်မှာပင် မြကန်သာ ရေကန်၊ ဂနိုင်ကန်ရေကန်တို့ ရေများစတင် ခန်းခြောက်လာပြီး ၊ ရေထွက်များလည်း မရှိသလောက် နည်းပါးနေပြီ ဖြစ်ကြောင်းသိရသည်။
ရပ်ကွက်များအတွင်း ရှိသော ရေထွက်များ၊ ရေတွင်း ရေကန်များသည်လည်း စတင် လျော့နည်းလာပြီ ဖြစ်ကာ မကြာခင် ရေရှားပါးနိုင်မည်ကို စိုးရိမ်ဖွယ် ရှိကြောင်းသိရသည်။
မြို့ အစွန်အဖျား ရပ်ကွက်များ၊ ကားမပေါက်မရောက်သော ရပ်ကွက်များတွင် ရေကားများ ဝယ်ယူရ ခက်ခဲခြင်း ၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် ရေကား ဝယ်ယူရ ပိုမိုခက်ခဲလာနေခြင်း တို့ ကြုံတွေ့နေရသည်။
ကရင်မ ရေထွက် အဆင်း၊ ရတနာသီရိ ၊ စိန်ပန်း၊ ရွှေတောင် ၊ ဘုရားဖြူ၊ ကျောင်းကြီးစု ရပ်ကွက်များတွင် ချိုချောင် လမ်းကြားများသဖြင့် ရေအခက်အခဲ ရှိကြောင်း သိရသည်။
တောင်ကြီးမြို့သည် တောင်ပေါ်မြို့ ဖြစ်သည့် အတွက် ရေအရင်းအမြစ် ရှားပါးခြင်း ပြဿနာရပ်များ ကြုံတွေ့ရပြီး ၊ မြေအောက်ရေများ ပြန်လည် ဖြည့်တင်းကြရန် နှင့် ရေချို အရင်းအမြစ်များကို ခြွေတာ သုံးစွဲကြရန် ၊ ထိန်းသိမ်းတတ်ကြရန် သဘာ၀ ပတ်ဝန်းကျင် ချစ်မြတ်နိုးသူ တို့ကလည်း တိုက်တွန်း နှိုးဆော် ထားသည်။
ထို့ပြင် အဝီစိတွင်းများ နေရာအနှံ့တူးဖော်ထားသဖြင့် ဂလိုင်ပေါက်များ ဖြစ်ပွားနေသဖြင့် စိုးရိမ်ရကြောင်း ၊ မြေအောက် ရေ ခန်းခြောက်ခြင်း ပြဿနာ ကို ဖြေရှင်းရန် မြေအောက်ရေ ပြန်လည် ဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း သဘာ၀ ပတ်ဝန်းကျင် အဖွဲ့များက ဆိုသည်။
#PPV-006
#သဘာဝရေအရင်းမြစ်
#ရေခန်းခြောက်
#ရေရှိရေး
#လျှပ်စစ်မီး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။