ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅
ဆောက်လုပ်ရေး လုပ်ငန်းတွင် အရေးပါသည့် ဘိလပ်မြေသည် ဈေးကျဆင်းခြင်း မရှိဘဲ မြင့်သထက်မြင့်တက်လာမှုကြောင့် အိမ်ဆောက်နေသူများ အတွက် အခက်ခဲနှင့် ကြုံတွေ့နေရကြောင်း ဖေဖော်ဝါရီ(၁၅)ရက်က စုံစမ်းသိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ် ကျေးရွာများရှိ ဆောက်လုပ်ရေးလုပ်ကိုင်နေကြသူများနှင့် အိမ်ဆောက်နေသော ဒေသခံများ ဘိလပ်မြေ ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် အခက်တွေ့နေကြောင်း သိရသည်။
“အိမ်ဆောက်နေတာ တစ်ပတ်အတွင်းကို ဘိလပ်မြေဈေးက ခုန်တက်သွားတာ အရင်ပတ် (၁၆၀၀၀)ကနေ အခုအပတ်ထဲ (၃၅၀၀၀)တဲ့။ အဲ့တာကြောင့် ပိုက်ဆံရှိရင် ဈေးပြန်ကျမှာကို မစောင့်စေချင်ဘူး။ အမျိုးထဲက တစ်ယောက်ဆိုအိမ်ဆောက်နေတာကို ရပ်နားလိုက်ရတယ်။” ဟု မိုင်းနောင်မြို့နယ် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
လက်တလောတွင် ဘိလပ်မြေဈေးနှုန်း မြင့်တက်မှု အပါအဝင် အိမ်ဆောက်ပစ္စည်း ဈေးမြင့်တက်မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများနှင့် အဆောက်အဦး ဆောက်လုပ်နေသူများ အခက်ခဲများစွာ ကြုံနေရကြောင်း သိရသည်။
နောက်ထပ် ဒေသခံတစ်ဦးကလည်း “ပစ္စည်း အများဆုံးက အရင်က တရုတ်ဖက်ကနေ ဝင်တာ ဆိုတော့ အခုခေတ်အခြေအနေနဲ့က ပစ္စည်းသယ်ယူတာလည်း မလွယ်တော့ ပြီးရင် ကြားထဲ ဂိတ်မှာ အခွန်ဆောင်ရတာကလည်း မနည်းဘူးလေနော်။ အဲ့လိုဆိုတော့ ဈေးကလည်း သိတဲ့အတိုင်း။ အရင်က သိန်း (၅၀)လောက် သုံးပြီး ဆောက်လုပ်တဲ့အပိုင်းဆို အခုက (၁၅၀)လောက် အသုံးပြုမှ အဆင်ပြေတာ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း ကျဆင်းမှုမရှိဘဲ မြင့်သထက်မြင့်တက်မှုကြောင့် ပြည်သူများ ရသည့်လုပ်ခ လစာသည် မိသားစုအတွက် မဖူလုံသည့် အပြင် အလုပ်အကိုင်ရှားပါးသည့်ဒဏ်ကြောင့် လူငယ်များစွာလည်း စိန်ခေါ်မှုကြား ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြသူ ပိုမိုများလာကြောင်း သိရသည်။
#PPV0011
#ဘိလပ်မြေ
#စျေးတက်
#ဆောက်လုပ်ရေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။