ခမ်းသားငေါဝ်း – The People’s Voice
အချက်အလက်စစ်ဆေးခြင်း – Fact Checking
ပင်းတယမြို့နှင့် ရွာငံမြို့နယ်တို့မှာ ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃) တပ်ရင်းက ရန်ပုံငွေ အတွက် ဆိုပြီး ခေါင်းစဥ်တက်ကာ ငွေကြေးကောက်ခံနေသည့်ပုံစံဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်တခု အင်တာနက် ပလက်ဖောင်း စာမျက်နှာပေါ်တွင် ပျံနှံ ဖြန့်ဝေနေပါသည်။
ထိုငွေကြေးကောက်ခံနေသည့် ထုတ်ပြန်ချက်ကို စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်သည့် Mawshan Myay Media နှင့် Snow Queen တို့မှ ဖြန့်ဝေထားပါသည်။ ဖြန့်ဝေသည့် အကြောင်းအရာမှာ “အကြမ်းဖက်အဖွဲ့ Danu PDF တပ်ရင်း ၁၀၀၃ က လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ရွာငံဒေသခံတွေဆီကပါ အတင်းအဓမ္မ လက်နက်အားကိုးဖြင့် စာပို့ခြိမ်းခြောက်၍ ဆက်ကြေးကောက်ခံနေတယ်လို့ အဆိုပါ ရွာငံဒေသခံတွေဆီက သိရ၊ ဆက်ကြေးကောက်ခံသည့်စာအား အွန်လိုင်းပေါ်တင်ပါက အသက်အန္တရာယ်အတွက် တာဝန်မယူဟု PDF အဖွဲ့က ထပ်မံခြိမ်းခြောက်နေ” ဆိုပြီး ထုတ်ပြန်ချက်တစ်ခုနှင့်အတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရေးသားဖြန့်ဝေထား ပါသည်။
သတင်းအမှား ဖြန့်ဝေထားသည့်လင့် –
Mawshan Myay Media – https://archive.ph/zmN7s
Snow Queen _ https://archive.ph/SnyUf
ဝါဒဖြန့်သူ ဖြန့်ဝေထားသည့် ထုတ်ပြန်ချက်ကို ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးခြင်းအဖွဲ့မှ စိစစ် စစ်ဆေး သည့်အခါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ဝက်ဆိုဒ် လိပ်စာ၊ ဖုန်းနံပါတ်၊ မေလ်းလိပ်စာတို့ကို စစ်ဆေးခြင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃) တပ်ရင်း၏ အမိန့်ကြေညာစာ ပြန်လည်ထုတ်ပြန်မှုတို့ကို တိုက်စစ် ခဲ့ပြီး အွန်းလိုင်းပလက်ဖောင်းတွင် ပျံနှံနေသော ငွေကြေးကောက်ခံမှု ထုတ်ပြန်စာသည် ထုတ်ပြန်ချက်အတုသာ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်း စစ်ဆေးချက်
ပျံနှံဖြန့်ဝေထားသည့် ငွေကြေးကောက်ခံမှု ထုတ်ပြန်ချက်ကို စစ်ဆေးသည့်အခါတွင် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည် ဝက်ဆိုက် လိပ်စာသည် အမှန်တကယ် အသုံးပြုထားခြင်းမရှိသည့် ဝက်ဆိုက်လိပ်စာ ဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
စစ်ဆေးထားသည့် ဝက်ဆိုက်လင့် – http://www.danupdf.com.mm/
ထို့အပြင် ဖုန်းနံပါတ်နေရာတွင် ပေးထားသည့် 099,099 သည်လည်း ဆက်သွယ်၍မရသည့် ဖုန်းလိပ်စာ ဖြစ်နေ သည်ကို ကြည့်ခြင်းအားဖြင့် ထုတ်ပြန်ချက်အတု ဖြစ်ကြောင်းသိရှိနိုင်ပါသည်။ အလားတူ ထုတ်ပြန်ချက် အတုတွင် အသုံးပြုထားသည့် Logo သည် မှုန်ဝါးဝါးဖြစ်နေပြီး၊ အဖွဲ့အစည်းနာမည်ကို အပြည့်အစုံအသုံးပြု ထားခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ အဖွဲ့အစည်း တံဆိပ်တုံး (သို့) အဖွဲ့အစည်း တာဝန်ခံလက်မှတ် တစ်စုံတစ်ရာမပါရှိသည်ကို စိစစ် ကြည့်ခြင်းအားဖြင့် ထုတ်ပြန်ချက်အတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၎င်း ထုတ်ပြန်ချက်အတု ဖြန့်ဝေမှုနှင့်ပတ်သက်ပြီး ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်း၏ ထုတ်ပြန်ချက် အမိန့်ကြေညာစာ တစ်စောင်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားပါသည်။ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်း၏ နာမည်နှင့် Logo တံဆိပ်တို့ကို အသုံးပြု၍ဓနုဒေသ ရွာငံမြို့ပေါ်တွင် မိဘပြည်သူများထံမှ လိမ်လည်ငွေကြေးတောင်း ခံမှုများရှိနေပါသည်။ မိမိတို့ ၁၀၀၃ တပ်ရင်းသည် မိဘပြည်သူတို့ထံမှ တပ်ရင်းအမည်ဖြင့်လည်းကောင်း၊ လက်နက်ကိုင်ဆောင်၍ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများကို သော်လည်းကောင်း မည်သည့်အခါမျှ မပြုလုပ်ခဲ့သလို နောက်နောင်တွင်လည်း ပြုလုပ်မည် မဟုတ်ကြောင်း မိဘပြည်သူများကို အသိပေးအပ်ပါသည်။ အဖွဲ့အစည်း၏ ပုံရိပ်ကို အသုံးပြု၍ ငွေကြေးလိမ်လည်တောင်းခံနေသူများထံကို မိဘပြည်သူများအနေဖြင့် ပေးဆောင်ရန်မလိုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ပါရှိထားပါသည်။ ထို့အတူ ၎င်းထုတ်ပြန်ချက်အတုဖြင့် ငွေကြေးလိမ်လည်တောင်းခံနေသည်မှာလည်း ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်းနှင့် လုံးဝ မသက်ဆိုင်းကြောင်း ကြေညာထားမှုကို တွေ့ရှိရပါသည်။
ထုတ်ပြန်ချက်လင့် – https://www.facebook.com/share/p/14qG7pkRVu/
သုံးသပ်ချက်
ပင်းတယနှင့် ရွာငံမြို့တို့တွင် ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်း၏ နာမည်နှင့် အဖွဲ့အစည်း logo တံဆိပ် တို့ကို အသုံးပြုပြီး ငွေကြေးကောက်ယူနေသည့် ထုတ်ပြန်ချက်တစ်ခုသည် ထုတ်ပြန်ချက်အတုသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်းသည် မိဘပြည်သူတို့ထံမှ တပ်ရင်း အမည်ဖြင့်လည်းကောင်း၊ လက်နက်ကိုင်ဆောင်၍ အတင်းအဓမ္မ ငွေကြေးကောက်ခံမှုများကို သော်လည်း ကောင်း မည်သည့်အခါမျှ မပြုလုပ်ခဲ့သလို နောက်နောင်တွင်လည်း ပြုလုပ်မည် မဟုတ်ကြောင်းကို မိဘပြည်သူ များထံ ထပ်မံ အသိပေးထားပါသည်။
ထို့ကြောင့် အွန်းလိုင်းပလက်ဖောင်းနှင့် ရွာငံ၊ ပင်းတယမြို့တွင်မှာ ထုတ်ပြန်ချက်အတုဖြင့် ငွေကြေးလိမ်လည် ကောက်ခံနေသူများက ပြည်သူ့ကာကွယ်ရေး တပ်မတော် (၁၀၀၃) တပ်ရင်း၏ ပုံရိပ်ကို ကျဆင်းအောင် လုပ်ကြံရေးသားထားသည့် ထုတ်ပြန်စာ အတုဖြစ်ကြောင်း အတည်ပြု စစ်ဆေးနိုင်ခဲ့ပါသည်။ ငွေကြေးတောင်းခံ မှုများ ပြုလုပ်ခံရပါက ပေးဆောင်ရန်မလိုကြောင်း အမိန့်ကြေညာစာတွင် ပြောကြားထားပါသည်။
သတိပြုရန်
ခမ်းသားငေါဝ်း စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းများကိုဝင်ရောက် ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။ ဒါအပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့လ်ဘွတ် (facebook page) ၏ မက်ဆေ့ ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
#သတင်းတုသတင်းမှား
#factcheck