ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅
ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲရွာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား(၂)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရသွားကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု၊ တောင်ပို့ကွဲရွာတွင် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ(၅)နားရီဝန်းကျင်အချိန်၌ ဖယ်ခုံအနောက်ဖက်ခြမ်းမှနေကာ စစ်ကောင်စီတပ်က လက်နက်ကြီး(၆)လုံးပစ်ခတ်လာခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်တစ်ချို့လည်းပျက်စီးခဲ့ရသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၁၀)နှစ်အရွယ် မောင်စိုင်းလျန်ဆိုင် (ဦးခေါင်းနှင့် ကျောပြင်ထိခိုက်)နှင့် အသက်(၄၀)ကျော်ရှိ ဦးစိုင်းလုံ(ဦးခေါင်းထိခိုက်)တို့ ပွဲချင်းပြီးသေဆုံးသွားပြီး အသက်(၄၀)ဒေါနန်းဖန် (ခြေထောက်ပြင်းထန်ဒဏ်ရာ)နှင့် အသက်(၄၅)နှစ် ဦးကျား(လက်ပြင်းထန်ဒဏ်ရာ)တို့က ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လက်နက်ကြီးရွာထဲကျတော့ ရွာသားတွေကမနေတော့ဘူး ထပ်ရှောင်ကုန်ကြပြီ စိုးရိမ်ထိတ်လန့်ကြတော့ တစ်ချို့က စံကားဖက်ရှောင်ကြတယ်တာရှိတယ်၊ လွယ်ပေါရွာဖက်ရှောင်သွားတဲ့လူလည်းရှိတယ်”ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
စစ်ကောင်စီတပ်မှပစ်ခတ်သည့်လက်နက်ကြီးများကြောင့် အရပ်သားနေအိမ်များထိခိုက် ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။
“စစ်အာဏာရှင်ကတော့ သူ့နဂိုဗီဇအတိုင်းရက်စက်ယုတ်မာတယ်ဆိုတာတော့ သိပ်အထူးအဆန်းမဟုတ်ပေမဲ့ ပအိုဝ်းအမျိုးသားအရေးလို့ကြွေးကြော်နေတဲ့ ပအိုဝ်းအဖွဲ့အစည်းက ကိုယ့်ပအိုဝ်းလူမျိုးကို ပြန်သတ်တာ၊ အတူနေအဖိနိပ်ခံကိုယ့်တိုင်းရင်းသားပြည်သူတွေကို ပြန်သတ်နေတာမြင်ရတော့ လူထုတွေကိုယ်စားမျက်ရည်ကျမိပါတယ်၊ တစ်နေ့အမှန်တရားပြန်ရအောင်ရှာပါမယ်” ဟု၎င်းကဆက်ပြောသည်။
ထို့အပြင်စစ်ကောင်စီတပ်သည် အင်းအနောက်ဖက်ခြမ်း လွယ်ဖွီးရွာမှနေပြီး ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာထဲသို့ ယမန်နေ့ညနေ(၅)နာရီ (၁၅)မိနစ်အချိန်ခန့်တွင် မီးလောင်ဗုံးအပါအဝင် လက်နက်ကြီး(၈)လုံး ပစ်ခတ်လာမှုကြောင့် ဒေသခံနေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့ရသေးကြောင်း သိရသည်။
#PPV007
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#လင်လမ်တောင်ကျေးရွာအုပ်စု
#တောင်ပို့ကွဲရွာ
#ဖယ်ခုံအနောက်ဖက်ခြမ်း
#လက်နက်ကြီးပစ်ခတ်