ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅

စံကားဒေသတွင်ရှိ ဒေသခံစစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် နေရာထိုင်ခင်းများအတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသတောင်ဘက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်မာမှုများကြောင့် ဒေသခံပြည်သူများက စစ်ဘေးတိမ်းရှောင်နေကြရပြီး ယခုအချိန်တွင် စစ်ဘေးရှောင်ပြည်သူ (၆၀၀)နီးပါး (၅၈၁)ယောက်အတွက် အကူအညီများလိုအပ်နေသည်။

“သူတို့ကနေရာထိုင်ခင်းတော့အခက်အခဲရှိတယ် ရုတ်တရက်ပြေးလာကြရတာဆိုတော့ တစ်ချို့ဆိုရင် ဘာမှမပါလာတာမျိုးလည်းရှိတယ်၊ စားဖို့သောက်ဖို့လည်းအခက်အခဲရှိတယ် အခုကအလှူရှင်တွေ ရောက်လာတာမျိုးလည်းမရှိတော့ အလှူရှင်တွေလာရောက် လှူဒါန်းပေးရင်တော့ ကောင်းတာပေါ့နော ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးတော့ ကြည့်ရှုပေးတယ် အလှူရှင်တွေရှိရင် ပိုပြီးကောင်းတာပေါ့” ဟုစံကားဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် စံကားတောင်ဘက်ရှိဒေသခံများဖြစ်ကြပြီး ယခုအချိန်၌ စံကားကျေးရွာ၊ ဆည်ခေါင်း၊ လွယ်ပေါင်၊ နောင်ဗို၊ လှီမှီး စသည့်ကျေးရွာရှိ အမျိုးအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဂိုဒေါင်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည်ဖေဖော်ဝါရီလပထမပတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ဘေးရှောင်ပြည်သူများရှိသည့် လွယ်နွဲ့ဘုရားတောင်ရွာထဲသို့ လက်နက်ကြီးပစ်ခတ်တိုက်ခတ်ခဲ့သဖြင့် ဒေသခံအပါ စစ်ဘေးရှောင်ပြည်သူများ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

#PPV007
Photo: onlin
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားအင်းဒေသတောင်ဘက်
#စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ
#စစ်ရေးတင်မာ
#စစ်ဘေးရှောင်ပြည်သူ
#အကူအညီများလိုအပ်