ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅

ကယား(ကရင်နီ)ဒေသအတွင်း ခရီးသွားလာသူများ ခရီးသွားလာခွင့် ကတ်ရှိဖို့ လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန၏ လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီ(၁၁)ရက်တွင် ထုတ်ပြန်ထားသည်။

ကရင်နီပြည်လုံခြုံရေး၊ ခရီးသွားပြည်သူ လုံခြုံရေးနှင့် စနစ်တကျသွားလာနိုင်ရေးအတွက် ကရင်နီပြည်နယ်သား မဟုတ်သည့် ခရီးသွားပြည်သူလူထုများအား ကတ်ပြားဖြင့် ကရင်နီပြည် ဝင်/ထွက်ခွင့်ကို ကြီးကြပ်ကန့်သတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ဒီကတ်ပြနိုင်မှ ကရင်နီပြည်နယ်အတွင်း ဝင်ထွက်ခွင့်ရမယ် လို့သိရတာပေါ့နော်၊ အဲ့လိုဆိုတော့က ကရင်နီပြည်နယ်က သေချာသတ်မှတ်ထားပြီးပြီလား။ ဖယ်ခုံ၊ မိုးဗြဲ ဒေသတို့ ကကော ကရင်နီပြည်နယ်ထဲလား၊ နောက်ပြီး ဘယ်သူမဆို ဒီကတ် ရှိမှ ဝင်ထွက်ဖြတ်သန်းခွင့်ရှိမှာလား၊ ပြည်နယ်ခြား စစ်ဘေးရှောင်ကူည်ီနေတဲ့လူကော၊ တော်လှန်ရေးထဲ ရှိနေတဲ့လူကော လိုအပ်တာလား၊ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ဒီကတ်ကို ထုတ်ပေးမလည်းပေါ့၊ မေးစရာတွေတော့ အများကြီးရှိနေပါတယ်။ကျွန်တော့အနေနဲ့တော့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးကိုပဲ ပိုဦးစားပေးစေချင်ပါတယ်” ဟု ကရင်နီပြည် နေထိုင်သူ ‌ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

အခြားဒေသမှ ကရင်နီပြည်နယ်သို့ လာရောက်သူများအနေဖြင့် ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ကို လွဲပြောင်းကိုင်ဆောင်ခွင့်မရှိသကဲ့သို့ ကတ်ပြားအပါရှိဘဲ ပြည်နယ်ခြား ပြည်သူများကရင်နီပြည်အတွင်း ဖြတ်သန်းခွင့် မရှိကြောင်း ကတ်၏နောက်ကျောဘက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကတ်ပြားကို တာဝန်ရှိသူမှ စစ်ဆေးသည့်အခါ ပြသရမည် ဖြစ်ပြီး ကတ်ပြား ပျက်စီး၊ပျောက်ဆုံးသည့်အခါ ကတ်ပြား ထုတ်ပေးသည့်နေရာ သို့မဟုတ် နီးစပ်ရာ လဝက ရုံးသို့ အကြောင်းကြားရမည့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကတ်ပြားအား အသက်(၁၀)နှစ်အောက် ကလေးကိုင်ဆောင်ရန် မလိုကြောင်း၊ ကတ်ပြားသည် ကရင်နီပြည်တွင် နေထိုင်ခွင့်လက်မှတ် ကတ်ပြားမဟုတ်ကြောင်းအပါ ကတ်ပြားကို ကရင်နီပြည်မှ ထွက်ခွာသည့်အခါ မပျက်မကွက် ပြန်လည်အပ်နှံရမည် စသည့် အချက်(၇)ချက်ကို ဖော်ပြထားသည်။

ဤအစီအစဉ်ကို မတ်လ နောက်ပိုင်းမှ စတင်အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြုလုပ်ရန် လိုအပ်သည့် အသေးစိတ်အချက်အလက်ကို နောက်ပိုင်းမှာ ထပ်မံထုတ်ပြန်သွားမည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)အတွင်းရေးမှူး ကိုဗညားက RFA သတင်းဌာနသို့ ဖြေကြားထားကြောင်း RFA သတင်းဌာနတွင် ဖော်ပြထားသည်။

PPV0011
#လူ့အခွင့်အရေး
#ကယား
#ကရင်နီဒေသအတွင်း
#ခရီးသွားလာသူများ
#ခရီးသွားလာခွင့်ကတ်ရှိဖို့လိုအပ်
#ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
#IEC
#ပြည်ထဲရေးဌာန
#လူဝင်မှုကြီးကြပ်ရေးဌာန