ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅
ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာ(အွိုင်ႏတဖြေကွုံꩻ)အုပ်စုတွင် PNOပြည်သူ့စစ်က ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အခြခေခံပြည်သူ့စစ်သင်တန်းဆင်းပွဲပြုလုပ်ကြောင်း ဒေသခံထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ပုံမူကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ပြည်သူ့စစ်သင်တန်းသား(၈၀၀)ကျော်ဖြင့် PNOပြည်သူ့စစ်က အခြေခံစစ်သင်တန်း(၅)ရက်လုပ်ပြီး ယနေ့၌သင်တန်းဆင်းပွဲပြုလုပ်ပေးသည်။
“သင်တန်းက(၅)ရက်တက်ရတယ် ဖေဖော်ဝါရီလ(၆)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ဒီရက်ကသင်တန်းပြီးလို့ သူတို့သင်တန်းဆင်းပွဲပြုလုပ်ပေးပြီ လူအင်အားကတော့ (၈၀၀)ကျော်ရှိတယ် အတိအကျတော့မသိရဘူး” ဟုအခြေခံစစ်သင်တန်းတက်ရောက်ရသည့် ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
သင်တန်း(၅)ရက်အတွင်း အသွားအပြန်စရိတ်နှင့် အစားအသောက်စရိတ်သည် တစ်အိမ်တစ်သောင်းကျပ် ကောက်ယူကာ ကိုယ့်ရွာနှင့်ကို ဖြေရှင်းနေရကြောင်း၎င်းကဆက်ပြောသည်။
ထို့အပြင် PNO ပြည်သူ့စစ်သည် သပြေကုန်းရွာအုပ်စုအတွင်းရှိ ဒေသခံများကို ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ အခြေခံစစ်သင်တန်းတက်ရန် ယခင်ကတည်းက ပြောထားပြီး ယခုသင်တန်းဆင်းပြီးပါက ရပ်ရွာတွင်း ကင်းမစောင့်ရပဲ တစ်ခြားစစ်ဆေးရေးဂိတ်ရှိသည့်နေရာတွင် လူစားထိုးဂိတ်သွားစောင့် ပေးရမည်ဖြစ်ကြောင်း သိရသည်။
နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက “အရင်ကစစ်သင်တန်းတက်ပြီးရင် ရွာလုံခြုံရေးအတွက် ရွာမှာအလှည့်ကျစောင့်ရပေးရမယ်ပြောထားတယ်လေ၊ အခုကမဟုတ်တော့ဘူး သင်တန်းဆင်းပြီးရင် မှော်ဘီဘက်စစ်ဆေးရေးဂိတ်တွေမှာ တခြားဂိတ်ရှိတဲ့နေရာမှာ အလှည့်ကျသွားစောင့်ပေးရမယ်တဲ့” ဟုခမ်းသားငေါဝ်းကိုပြောသည်။
တစ်ရွာလျှင်တပတ်(၂)ယောက်နှုန်းဖြင့် လူစားထိုးဂိတ်သွားစောင့်ပေးရမည်ဖြစ်ပြီး တစ်ပတ်လျှင် (၁၀)ရက်ကြာသွားစောင့်ပေးရမည်ဖြစ်ကြောင်း သူမကဆက်ပြောသည်။
ယခုအချိန်တွင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း ဒေသခံအမျိုးသားများအားလုံးသည် အခြေခံစစ်သင်တန်း တက်ရောက်ပြီးစီးပြီဖြစ်သဖြင့် ဂိတ်စောင့်ပေးရရုံသာမက ရှေ့တန်းစစ်မြေပြင်ထိ ပို့ဆောင်ခံရမည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။
#PPV007
#Photo: Onlin
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#သပြေကုန်းရွာ
#အွိုင်ႏတဖြေကွုံꩻ
#PNO
#ပြည်သူ့စစ်