ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

သင်္ကြန်ကာလပြီးပါက တောင်ကြီးမြို့နယ်တွင် ရောက်ရှိနေသည့် မြို့နယ်အသီးသီးတို့မှ ပညာရေး ဝန်ထမ်းများကို စစ်သင်တန်းပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ထမ်း အသိုင်းအ၀ိုင်းထံမှ စုံစမ်း သိရသည်။

မည်သည့် အသက်အရွယ် အပိုင်းအခြားကို စစ်သင် တန်းပေးမည်ဟု စီစဉ်ထားခြင်း မသိရသော်လည်း ၊ ပညာရေး ဝန်ထမ်း အသိုင်းအ၀ိုင်း အားလုံး သင်္ကြန်ကာလပြီးလျှင် စစ်သင်တန်း တက်ရောက် ရမည်ဟု သတင်းပျံ့နှံ့နေကြောင်း သိရသည်။

“ ဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေ အားလုံး စစ်သင်တန်းတက်ရမယ် လို့တော့ ကြားတယ်။ အသက်အရွယ် အကန့်အသတ် ကိုတော့ အတိအကျ မသိသေးဘူး။ တချို့တော့ အင်မတန် စိုးရိမ် ထိတ် လန့်နေကြပါပြီ။ ကျောင်းသားတွေတော့ မပါသေး ပါဘူး။ ပညာရေး ဝန်ထမ်းတွေကို စစ်သင်တန်း ပေးမှာပါ”ဟု ပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

အဆိုပါ စစ်သင်တန်း တက်ရောက်စဉ် မူလ ဝန်ထမ်းလစာကို ခံစားခွင့် ရရှိမည် ဖြစ်ပြီး ၊ ရှေ့တန်းကိုပို့ဆောင်ခြင်း မပြုလုပ်ပါဟု ကတိပေးထားကြောင်း ကြား သိရသည်။

လက်ရှိ အချိန်တွင် အခြေခံ ပညာရေးဝန်ထမ်း များကိုသာ သတင်းကြားသိနေရပြီး အဆင့်မြင့် ပညာရေး ဝန်ထမ်းများလည်း ပါလာနိုင်ဖွယ် ရှိကြောင်း ခန့်မှန်း ပြောဆိုနေကြခြင်း ရှိသည်။

နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းတချို့တွင် ရှိသည့်တက္ကသိုလ်လေ့ကျင့်ရေးတပ်က တပ်ဖွဲ့ဝင်များကို ‌ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့တွင်ပါဝင်ရန် မိမိဆန္ဒအလျှောက် စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက သင်တန်းပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောထားသည်။

စစ်ကောင်စီသည် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲကာ တစ်လတာ စစ်သင်တန်းပေး၍ ရှေ့တန်း စစ်မျက်နှာ ပို့ဆောင်ခြင်း ရှိနေပြီး ရှမ်းပြည်တောင်ပိုင်းတွင် ရှေ့တန်းပို့ဆောင်ခြင်း ခံရသော လူငယ်များ သေဆုံးမှု များလည်း ရှိနေကြောင်း သတင်း ကြား သိရပါသည်။

#PPV-006
#Humanright
#ပညာရေး
#စစ်မှုထမ်း

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။