ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၈၊ ၂၀၂၅
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ယာမှ စပါးသယ်ပြန်လာသည့် ပအိုဝ်းဒေသခံ(၂)ဦးကို စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်၍ သေဆုံးခဲ့ရကြောင်း သိရသည်။
ရှမ်ပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ကောင်ထိုကျေးရွာတွင် ဖေဖော်ဝါရီ(၆)ရက်နေ့ နေ့လည်(၂) နာရီခန့်က တောင်ယာမှ စပါးသယ်ပြန်လာသည့် ဒေသခံပြည်သူ ခွန်ဖါလိန်နှင့် နန်းဆွေတို့ လင်မယားကို လွယ်ချယ် တပူးထိုရွာ လမ်းခွဲအနီး၌ စစ်ကောင်စီကဒရုန်းဖြင့် တိုက်ခိုက်၍ သေဆုံးခဲ့ရကြောင်း သိရသည်။
“သူတို့စိုက်ပျိုးထားတဲ့ စပါးသယ်လာချိန် အဲ့နေရာရောက်တော့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲလို့ လင်မယား(၂)ဦး အဲ့မှာပဲ သေဆုံးသွားတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူး။ ဒရုန်းနဲ့ ဗုံးကျဲတယ်” ဟု PNLA ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဒရုန်းဖြင့် တိုက်ခိုက်သည့်အပြင် လက်နက်ကြီးပါ (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်လာကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြော သည်။
ထို့အပြင် စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်သည် ပအိုဝ်းပြည်သူကို ရန်သူသဖွယ် သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ်နေခြင်း ဖြစ်ကြောင်းဆိုထားသည်။
” ပြောမယ်ဆိုရင် ဒါက အမြဲတမ်းသူတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ဖြစ်တယ်။ ပြီးတော့ ဒါက ပအိုဝ်းလူမျိုး ပအိုဝ်းဒေသ၊ ကျေးရွာတွေကို တမင် တိုက်ခိုက် ဖျက်စီးနေတာ ဖြစ်ပါတယ်။ PNOပြည် သူ့စစ်က အများဆုံး ပအိုဝ်းတွေဆိုပေမဲ့ ပအိုဝ်းလူမျိုးမဟုတ်တဲ့ သူတို့ရဲ့ခေါင်းဆောင် ခရိုနီနေဝင်းထွန်းရဲ့ အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးကို ပြန်သတ်ဖြတ်နေတဲ့ အဆင့် ရောက်လာနေတာပဲ ဖြစ်တယ်။ PNOပြည်သူ့စစ်မှာ ရှိနေတဲ့ ပအိုဝ်းတွေအနေနဲ့ သေသေချာချာ စဉ်းစားကြပါ။ ကိုယ့်လူမျိုးကို ဒီလိုသတ်ဖြတ်နေရတာ၊ ကိုယ့်လူမျိုး ဒေသ ကျေးရွာကို ပြန်တိုက်ခိုက်နေရတာ တန်သလားပေါ့၊ လိပ်ပြာ လုံလုံနဲ့ လုပ်နိုင်ကြသလား။ အမှန်တရားကို မြင်နိုင်ကြပါ”ဟု ခွန်ရိန်းယံကဆက် ပြောသည်။
စစ်ကောင်စီနှင့် လက်အောက်ခံ PNOပြည်သူ့စစ်သည် ပအိုဝ်းဒေသနှင့် ပအိုဝ်းပြည်သူများကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းဖြင့် ပစ်ခတ် ဖျက်ဆီး သတ်ဖြတ်နေကြောင်း ဖော်ပြထားသည်။
#PPV0011
#Humanright
#ဆီဆိုင်
#ပြည်သူသေဆုံး
Vedio ကို Telegram မှာကြည့်နိုင်ပါတယ်။
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။