ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၄၊၂၀၂၅
ယခုရက်ပိုင်းရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်း ဆိုးရွားစွာ ကျဆင်းနေသဖြင့် တောင်သူများ အရှုံးခံ ရောင်းနေရကြောင်းအင်းလေး ကျွန်းမျော ခရမ်းချဥ်သီးစိုက်တောင်သူများထံမှ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသထွက် ခရမ်းချဉ်သီး စျေးနှုန်း တစ်ပိဿာလျှင် ၅၀၀ ကျပ် မှ ၈၀၀ ကျပ် သာ ပေါက်စျေး ရှိကာ ဝယ်သမား မရှိတော့ သဖြင့် စိုက်တောင်သူများ အရှုံးခံ၍ ရောင်းချပေးနေကြောင်း ၊ မိုင်းသောက် ရှိ ကျွန်းမျော စိုက် တောင်သူ တစ်ဦးက ဆိုသည်။
“ အင်းလေးခရမ်းချဉ်သီး စျေးနှုန်း က ပျက်သွားပြီ လို့ ပြောလို့ ရတယ်။ ဖေဖော်ဝါရီလ အစ မှာပဲ တစ်ပိဿာ ကို ငါးရာကျပ် ကနေ ရှစ်ရာကျပ် အထိပဲ စျေး ရှိတော့တယ်။ ကျွန်တော်တောင် ကုန်ချိန် တစ်သောင်း လောက် ဝယ်ထားမိတာ ဝယ်သမား မရှိဘူး ဖြစ်နေရတယ်။ တခြားနေရာ သွားရောင်းမယ် ဆိုရင်လည်း စားရိတ်ကြီးလွန်းတယ်။ ဗမာပြည် က ထွက်တဲ့ အသီးတွေ အရမ်းများနေလို့ အင်းလေး ခရမ်းချဉ်သီး စျေးနှုန်း အရမ်းကျပြီး ဝယ်သမား မရှိဘူး ဖြစ်နေတာပါ။ လာဝယ်သမား ရှိရင်တော့ တစ်ပိဿာ ၃၀၀ ကျပ် ဆိုရင်လည်း အရှုံးခံပြီး ရောင်းချပေးနေပါတယ်။’”ဟု မိုင်းသောက်မှ ကျွန်းမျော စိုက်တောင်သူ တစ်ဦးက ဆိုသည်။
လက်ရှိ ဖေဖော်ဝါရီလ တွင် အင်းလေးဒေသ ထွက် ခရမ်းချဉ်သီး တစ်ရက်လျှင် ကားကြီး (၃) စီးခန့် အရောင်းအဝယ် ရှိနေပြီး ၊ ဝယ်ယူသူ နည်းပါးနေသေးကြောင်း သိရသည်။
စျေးဝယ်သူ တစ်ဦး က“အခု တောင်ကြီးစျေးနေ့မှာ ဝယ်တာ အစိမ်းအမှည့်သီးက တစ်ပိဿာ ကို ၂၀၀၀ ကျပ် ၊ အလုံးကြီးလှတာ ဆိုရင် ၃၀၀၀ ကျပ် ဒီမနက်ပဲ ပေးဝယ်ရတယ်။ ယူရောင်းသမား ဆိုတော့ စျေးတက်ရောင်းရတာပေါ့။ ဒါပေမယ့် ပြန်ရောင်းသမားတွေ လည်းသိပ်ရောင်းမကောင်းပါဘူး။ ပြည်မ သီးနဲ့ ယှဉ်ပြီး ရောင်းရတာ ဆိုတော့လေ။”ဟု ဆိုသည်။
ပြည်မဒေသထွက် ခရမ်းချဉ်သီး ကြောင့် ရှမ်းတောင် ဒေသထွက်ခရမ်းချဥ်သီး စျေးတပ်ပြုတ်ကျဦးမည်ဟုလည်းအောင်ပန်း ကုန်စိမ်း ပွဲရုံကပြောထားသည်။
ပြည်မသီးများ လှိုင်လှိုင်ပေါချိန်မှ စတင်၍ အင်းသီးများ စျေးနှုန်း ကျဆင်းလာခြင်း ဖြစ်ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မှ စတင်၍ စျေးကျလာခြင်း ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၆ ရက်တွင် အင်းလေးဒေသထွက် ခရမ်းချဉ်သီးသည် တစ်ပိဿာ တစ်ထောင်ကျပ် မှ တစ်ထောင့် ငါးရာကျပ် အထိ သာ ပေါက်စျေး ရှိပြီး တစ်တင်းလျှင် နှစ်သောင်းကျော် သာစျေးရကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်း အင်းလေးကန်တွင် ကျွန်းမျောများဖြင့် ခရမ်းချဉ်သီး အဓိက စိုက်ပျိုးကြခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် စိုက်ပျိုး ကုန်ကျ စရိတ် မြင့်တက်လာခြင်း ၊ ရာသီဥတုများ ဖောက်ပြန် လာခြင်းတို့ကြောင့် စိုက်ဧက နည်းပါးလာကြောင်း သိရသည်။
#PPV-006
#ခရမ်းချဉ်သီး
#စျေးကျ
#အင်းလေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
ခမ်းသားငေါဝ်း Tittok www.tiktok.com/@khamsarngor1
ကိုလည်းဝင်ရောက်ဖတ်ရှုနိုင်ပါသည်။