ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၊ ၂၀၂၅
သတင်းဆောင်းပါး
ဆီဆိုင်မြို့နယ် ရွှေတကူကျေးရွာအနီး တိုက်ပွဲမှာ ဗူးပေါ် ပေါ်သလို ဖြစ်လာရတဲ့ အသက်မပြည့်သေးတဲ့ကလေးကို စစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်ပို့ခဲ့ရာမှ သုံ့ပန်းအနေနဲ့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ရွှေတဂူ အနီးတိုက်ပွဲမှာ PNO ပြည်သူ့စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်တွေက ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်း မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကလေးစစ်သားနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ရွှေတဂူကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်မှ ဖမ်းဆီးရမိတဲ့ အသက်မပြည့် PNO ပြည်သူ့စစ် သုံ့ပန်းတဦးဟာ PNO ပြည်သူ့စစ်က မူးယစ်ဆေးသုံးစေပြီး စစ်မှု ထမ်းခိုင်းတယ်လို့ ထွက်ဆိုထားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မီဒီယာကို ပြောထားပါတယ်။
“PNO က အသက်မပြည့်သေးတဲ့ ကလေးတွေကိုပါ စစ်မှုထမ်းခိုင်းတာမျိုးတွေ၊ အတင်းအဓမ္မ ရဲဘော်စုဆောင်း တာတွေလုပ်တယ်။ ပြီးတော့ အသက်မပြည့်သေးတဲ့ကလေးတွေကို မူးယစ်ဆေးဝါးတွေ သုံးစေပြီးတော့မှ ဂိတ် စောင့်ခိုင်းတာတွေ၊ ပြည်သူလူထုကို ခြိမ်းခြောက်ခိုင်းတာတွေ၊ ဆက်ကြေးကောက်တာတွေ စသဖြင့်ပေါ့နော် လုပ်ခိုင်းတာဖြစ်ပါတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ မီဒီယာကို ပြောထားပါတယ်။
လက်ရှိ ဆီဆိုင်မြို့နယ် အရှေ့ဘက် ဖြီကျွတ်၊ နောင်ကျော ဘက်တွေမှာလည်း တိုက်ပွဲပြင်းထန်နေပြီး အများစု တပ်သားသစ်တွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေပါဝင်နေတယ်လို့ PNLO ကခမ်းသားငေါဝ်းကို ပြောပါတယ်။
‘’တိုက်ပွဲတွင်းမှာ ပြည်သူ့စစ်တွေက ရွာသားတွေကို စိတ်ကြွဆေးတွေတိုက်ကျွေးပြီး ရှေ့တန်းကိုတက်စေတဲ့ လက္ခဏာတွေတွေ့ရတယ်၊ တဘက်ကလည်း ဖိအားအနေနဲ့ ရှေ့တန်းမတက်ရင် အနောက်ကနေ ပစ်သတ်တာ မျိုး လည်းလုပ်နေတယ်လို့တော့ ကျွန်တော်တို့သိထားပါတယ်” လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ခမ်းသားငေါဝ်းကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသမှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုက နှစ်ထပ်ကွမ်း ခံနေရတာ ဖြစ်ပါ တယ်။ စစ်ကောင်စီက တဘက်၊ PNO ပြည်သူ့စစ်က တဘက် စုဆောင်းမှုကိုခံနေရတာပါ။
‘’ရှမ်းတောင်မှာ စစ်သားစုဆောင်းမှုဟာ PNO ပြည်သူ့စစ် ကအပြင်းထန်ဆုံးဖြစ်တယ်၊ ပြီးတော့ စစ်ကောင်စီပေါ့ လေ။ တော်လှန်ရေးအင်အားစုဘက်ကနေလည်း စစ်သားလုပ်ဖို့၊ တော်လှန်ရေးထဲဝင်ဖို့ ဖိတ်ခေါ်တာတွေလည်း ရှိတယ် သို့သော် တော်လှန်ရေးအုပ်စုဘက်က အတင်းအကြပ် မဖြစ်မနေ လုပ်တာမျိုးတော့ မတွေ့ရဘူး” လို့ ပအိုဝ်းလူငယ်အစည်းအရုံးမှ လီလီကပြောပါတယ်။
ပအိုဝ်းဒေသမှာ PNO ပြည်သူ့စစ်က တပ်သားသစ်စုဆောင်းတာခံရသလို စစ်ကောင်စီ စစ်မှုထမ်းအတွက် စုဆောင်းတာလည်း ခံရတာမို့ မသွားမနေရ၊ လူမပေးလို့မရနဲ့ စုဆောင်းခံရတာဖြစ်ပါတယ်။ တရားဝင် အသက် ၁၈ နှစ်အထက်၊ ၃၅ နှစ်အောက်လို့ ဆိုထားပေမယ့် လူငယ်တွေ စစ်မှုမထမ်းချင်လို့ တိမ်းရှောင်ကုန်တဲ့အခါ ပအိုဝ်းဒေသမှာ အသက်မပြည့်တဲ့ ကျောင်းသားအရွယ်ကလေးတွေ၊ အသက် ၅၀ ကျော်တဲ့ မိဘတွေက အစား သွားပေးရတာမျိုးတွေလည်း ရှိနေပါတယ်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပင်လောင်းမြို့နယ်မှာ အသက်မပြည့်တဲ့ ကျောင်းသားကို PNO ပြည်သူ့စစ်က အတင်းအဓမ္မ တပ်သားသစ်ခေါ်ယူစုဆောင်းမှုပြုလုပ်ခဲ့တာကို တပ်သားသစ်ခေါ်ယူခံရတဲ့ ဒေသခံလူငယ်ကိုယ်တိုင်ခမ်းသားငေါဝ်းကို ပြောလာပါတယ်။
“သင်တန်းက ရင်းမှီးတပ် ထီတလိတောင်ခြေမှာရှိတဲ့ လေးကျင်းရေးကွင်းမှာ သွားတက်ရတယ်။ သင်ပေးတဲ့ နည်းပြဆရာလည်း စစ်တပ်ကပဲ။ တစ်သုတ်ကို ၁၅ ရက် သွားတက်ရတယ်၊ အိမ်တိုင်းသွားရတယ်။ တစ်ချို့အိမ် ကအရွယ်မှန်အမျိုးသားလည်းမရှိတော့ အသက်မပြည့်တဲ့ကလေး ၁၅၊ ၁၆ နှစ်အရွယ် လည်းတက်ခိုင်းတယ် “လို့ လူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောပါတယ်။
အဲဒီလို စစ်သင်တန်းမှာ အသက်မပြည့်တဲ့ ကလေးတွေကို အတင်းအဓမ္မဖိအားပေးတာက PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီခန့် အုပ်ချုပ်မှူးတွေ၊ ရွာသူကြီးတွေနဲ့ ဆယ်အိမ်ခေါင်းတွေက လူစုပေးတာဖြစ်ပါတယ်။ ဒါဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးတော့ PNO ပြည်သူ့စစ်က အတင်းအဓမ္မ လူပြန်စုတဲ့အ ချိန်ဖြစ်ပါတယ်။
‘’PNO ဆိုတာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ဝေခံအဖွဲ့ဖြစ်တယ်၊ အကြမ်းဖက်မှုမျိုးစုံကို အာဏာရှင်ဝါဒီ ကျင့်သုံးပြီး ကျူးလွန်ဖို့ဆောင်ရွက်ဖို့ ဝန်မလေးတဲ့အဖွဲ့ဖြစ်တယ်၊ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေရှိတယ်၊ နိုင်ငံတကာမှာကျင့်သုံးတဲ့ International Humanitarian and Geneva Convention ဥပဒေတွေရှိတယ်၊ ဥပဒေတွေက အာဏာရှင်ဝါဒီကျင့်သုံးတဲ့ စစ်ကောင်စီနဲ့၊ PNO ပြည်သူ့စစ်တွေက လိုရင်သုံးမယ်၊ မလိုရင် ချောင်ထိုးမယ် သူတို့ရဲ့ဒေသ သူ့ရဲ့အဝန်းအဝိုင်းမှာ အာဏာတည်မြဲဖို့ဆိုရင်တော့ ဒီစစ်မှုထမ်းဥပဒေ ထုတ်ပြန်ကြေ ငြာခြင်းအပါအဝင်၊ စစ်မှုထမ်းဥပဒေနဲ့ သက်ရောက်ခြင်းမရှိတဲ့ကလေးသူငယ်အပါအဝင် နာမကျန်းသက်ကြီးရွယ် အိုတွေအပါ စစ်သားသစ်အနေနဲ့ ခေါ်ယူစုဆောင်းပြီးတိုက်ပွဲတွေမှာ အသေခံခိုင်းတာကို တိုက်ပွဲအချက်အလက် အရသိရတယ်။ ဒါကြောင့်မို့ ပြည်တွင်းစစ်ပဋိပက္ခကာလမှာ ကျူးလွန်တဲ့စစ်ရာဇဝတ်မှုအပါအဝင် ကလေးသူငယ် နဲ့ လူငယ်လူရွယ် ပအိုဝ်းပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ မူလအခွင့်ရေးကို ချနင်းပြီး သူတို့ရဲ့ အာဏာ အတွက် စစ်ရေးမှာ အသုံးပြုတဲ့အပေါ်မှာ အသွင်ကူးပြောင်းကာလ တရားမျှတရေးမှာ PNO အနေနဲ့ တာဝန်ယူ တာဝန်ခံရမှာဖြစ် ပါတယ်”လို့ တရားလွှတ်တော်ရှေ့နေ ခွန်ဝင်းကြိုင်က ခမ်းသားငေါဝ်းကို ပြောပါတယ်။
လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေ (Humanitarian Law) ဆိုတာနဲ့ ဂျီနီဗာ သဘောတူစာချုပ် (Geneva Convention) ဆိုတာဟာ စစ်ပွဲအတွင်းမှာရှိတဲ့ အရပ်သားတွေနဲ့ စစ်သုံ့ပမ်းတွေကို စစ်ပွဲအတွင်းမှာ ပါဝင်ပတ် သက်နေတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ လူ့အခွင့်အရေးချိုးဖောက်တာတွေ မလုပ်ဆောင်ဖို့အတွက် ကာကွယ်ပေးထားတဲ့ နိုင်ငံတကာ ဥပဒေသတွေ ဖြစ်ပါတယ် ။
အရပ်သားတွေရှိမဲ့နေရာကို ရည်ရွယ်ပြီး တိုက်ခိုက်တာ မလုပ်ဖို့၊ စစ်သုံ့ပမ်းတွေကို မသတ်ဖြတ်ဖို့၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အထူးကာကွယ်စောင့်ရှောက်ပေးဖို့ ဒီစာချုပ်တွေမှာ သေသေချာချာပြဌာန်းထားပါတယ်။ အစိုးရတပ်က ကျူးလွန်မှမဟုတ်ပါဘူး လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို လေးစားလိုက်နာရမှာဖြစ်ပါတယ်။
‘’အရင်တုံးက စစ်တပ်က ကျူးလွန်တာတွေရှိခဲ့တဲ့အခါမှာ တိုင်းရင်းသားပြည်သူတွေဖက်ကို ရပ်တည်ပြီး ရူတ်ချခဲ့ ပါတယ်။ အခုတော့ PNO လက်နက်ကိုင်အဖွဲ့တခုက ကျူးလွန်နေတာဖြစ်တဲ့အတွက် PNO ကိုလည်းရှုတ် ချပါတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအတွက် တာဝန်ယူ၊ တာဝန်ခံရမှာ ဖြစ်ပါတယ်။ “လို့ တရားလွတ်တော်ရှေ့နေ ခွန်ဝင်းကြိုင်က ဆက်ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီ ကစစ်သားစုဆောင်းခဲ့တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာကဖော်ပြထားတာကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး က မီဒီယာကို ပြောထားပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က ကျရောက်တဲ့ (၃၅) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့မှာ အထက်ပါ အတိုင်း ပြောကြားခဲတာဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတဲ့ ကလေးငယ်စုစုပေါင်း ၈၀၀ ကျော် ရှိတယ်လို့လည်း ဆိုထားပါတယ်။
ကလေးစစ်သားစုဆောင်းမှုကို စစ်ကောင်စီတပ်က ၂၀၀၃ ခုနှစ်ကတည်းကလုပ်ဆောင်နေခဲ့ပြီး မြန်မာစစ်တပ် အပါအဝင် မြန်မာနိုင်ငံရှိ ပါတီရှစ်ခုဟာ ကလေးစစ်သားစုဆောင်းတာနဲ့ အသုံးပြုတာကို ကျူးလွန်နေတယ်လို့ UNICEF မြန်မာက ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးဆောင်ရွက်ဖို့ ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရနဲ့ ကုလ သမဂ္ဂတို့ကြား သဘောတူညီချက် တရပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီ တပ်နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ တပ်ဖွဲ့တွေကိုယ်တိုင် ကလေးစစ်သားတွေကို စုဆောင်းနေတာပါ။
နိုင်ငံတကာဥပဒေအရ ကလေးစစ်သားကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ တပ်သားသစ်စုဆောင်းခြင်း စစ်တပ်အတွင်း တာဝန်ထမ်းစေခြင်း၊ အသက် ၁၈ နှစ်အောက်ဖြစ်နေခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့အတွင်း သို့မဟုတ် စစ်ပွဲအတွင်း ပါဝင်စေခြင်း အစရှိတဲ့သုံးမျိုးဟာ ကလေးစစ်သားအဖြစ်သတ်မှတ်ကြတာလို့ သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးစစ်သား ၁၁၀၂ ဦးကို စစ်မှုထမ်း ခိုင်းခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာ ကို ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာစသိမ်းကတည်းက ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်သားစုဆောင်းမှုတွေပြုလုပ်နေပြီးဖြစ် ပါတယ်။ ရပ်ရွာလုံခြုံရေးအတွက်ခေါင်းစဉ်နဲ့ တစ်ရွာမှာဘယ်နှစ်ယောက် မသွားမနေရဆိုပြီး ဆီဆိုင်မြို့နယ် ဆိုက်ခေါင် မြောက်ဘက်ရှိ အောင်ဆုဗွေ စခန်းမှာ PNO ပြည်သူ့စစ်က စစ်သင်တန်းတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။
PNO ပြည်သူ့စစ်ပြုလုပ်ခဲ့တဲ့ စစ်သင်တန်းဟာ အမှတ်စဉ်(၁) မှ (၇) အထိရှိခဲ့ပြီး ဇန်နဝါရီ လ ၂၀၂၄ ခုနှစ် ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားပြီးနောက် PNO ပြည်သူ့စစ်ဌာနချုပ်ရုံးမှာ အထူးဒေသ ၆ ရှိ ပအိုဝ်းတိုင်းရင်းသား လူငယ်လူရွယ် တွေကို စစ်မှုထမ်းဖို့ အမိန့်စာထုတ်ပြန်လိုက်ပါတယ်။ သင်တန်းတက်ပြီးသားသူတွေကော၊ သင်တန်းမတက်ရ သေး တဲ့သူတွေကော စစ်မှုထမ်းဖို့ အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။
‘’အစက ကြေညာချက်ထဲမှာ အသက် ၁၈- ၃၅ အတွင်းပေါ့လေ တကယ်မြေပြင်သွားရတဲ့အခါက ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းသွားရတာရှိတယ်၊ တချို့က ၁၈ နှစ်မှ ၆၀ အတွင်း သွားရသူတွေရှိတယ်၊ တချို့ကအသက် ၁၈ နှစ် မပြည့်သေးတဲ့ ကျောင်းသားတွေ စစ်သင်တန်းထဲ တက်ရောက်နေရတာတွေ ကျွန်မတို့အများကြီးတွေ့ခဲ့ရတယ်၊” လို့ ပအိုဝ်းလူငယ်အစည်းအရုံးမှ လီလီ ကပြောပါတယ်။
လက်ရှိအထူးဒေသ ၆ တွေထဲမှာ စစ်သင်တန်းတွေ မတက်ရသေးတဲ့ ပြည်သူကိုလည်း PNO ပြည်သူ့စစ်က ခေါ် ယူပြီး ရှေ့တန်းပို့တာတွေရှိနေပါတယ်။ ကိုယ့်ဒေသအတွက် အသုံးပြုမယ်ဆိုပြီးခေါ်ပေမယ့် တကယ့် ရှမ်းမြောက် တို့ ရခိုင်တို့ အပို့ခံရလို့ သေဆုံးမှုတွေမြင့်တက်တာမျိုးတွေလည်း ရှိနေပါတယ်။ မြို့ပေါ်ကို PNO ပြည်သူ့စစ်က အရမ်းကောက်ယူတာမျိုး မလုပ်ရဲပေမယ့်ကျေးလက်ရွာမှာရှိတဲ့ ပြည်သူတွေကို အမိန့်ပေး ကောက်ယူနေတာမျိုး တွေရှိနေပါတယ်။
‘’ကိုယ်ကိုယ်တိုင် မသွားချင်ဘူးဆိုရင် အစားငွေပေးရတာမျိုးတွေလုပ်ရတယ်၊ လူအစားထိုးငှားပေးရတယ်၊ လူငှားအတွက် တရွာလုံးမှာ ငွေကောက်တယ်၊ ဒီဟာက စစ်ကောင်စီကိုလည်း ဒီလိုပေးရတယ်၊ PNO ပြည်သူ့စစ် ကိုလည်း ဒီလိုပေးနေရတယ်”လို့ ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူ မနန်းက ဆိုပါတယ်။
စစ်ကောင်စီက ဥပဒေကို လက်နက်အားကိုးနဲ့ လိုရာဆွဲ အာဏာသိမ်းခဲ့ပြီး စစ်မှုထမ်းဥပဒေကိုလည်း စစ်တပ် အင်အားချိနဲ့တဲ့အချိန်မှာ အင်အားဖြည့်ဖို့ပြဌာန်းတဲ့ မတရားဥပေဒတွေဖြစ်နေပါတယ်။ PNO ပြည်သူ့စစ်ဟာ လည်း စစ်ကောင်စီအလိုကျ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားကို ကားကွယ်ဖို့ ပအိုဝ်းပြည်သူတွေကို ချ နင်းနေတာဖြစ်တယ်လို့ ပအိုဝ်းတော်လှန်ရေး ရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောပါတယ်။
”PNO က သူတို့ခေါင်းဆောင်ပိုင်းတွေရပ်တည်ဖို့ အကျိုးစီးပွားကာကွယ်ဖို့ ပအိုဝ်းပြည်သူကိုချနင်းတာဘဲ ပအိုဝ်း လူထုကတစ်လကို သုံးသိန်း၊ ငါးသိန်း၊ ရှစ်သိန်းလောက်ငွေထည့်ရတယ်၊ မထည့်မနေရ၊ မထည့်ရင်လူထည့် ရတယ်၊ ခုသွားတဲ့ အသက်မပြည့်ကလေးတွေက မိဘငွေမထည့်နိုင်လို့သွားရတာ”လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူလူထုကို မှားယွင်းတဲ့ စည့်ရုံးမှုတွေလည်း ပြုလုပ်ပါသေးတယ်။ PNO ပြည်သူ့ စစ်ထဲမှာ စစ်သားလုပ်ခဲ့ရင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကနေ အလိုအလျောက် ကင်းလွတ်ခွင့်တွေရတယ်၊ သူများစစ်သားလုပ်မယ့်အစား ကိုယ့်လူမျိုးစစ်သားပဲလုပ်ကြပါလို့လည်း ဝါဒဖြန့်ဝေခဲ့ပါတယ်။
အမှန်တကယ်က ပြည်သူ့စစ်ဆိုတာ တပ်မတော်လက်ရှိ(စစ်ကောင်စီ)တပ်ရဲ့ လက်အောက်ထဲကရှိနေပြီးသားဖြစ် ပြီး စစ်ကောင်စီစစ်ဥပဒေအောက်မှာသာရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီလိုအပ်ရင် အသုံးချဖို့အချိန်မရွေးခိုင်း စေလို့ရသလို နှစ်စဉ်ထောက်ပံ့ကြေးတွေဖြစ်တဲ့ တပ်သားလစာအသုံးစရိတ်၊ စစ်လက်နက်ပစ္စည်းတွေက ပေးအပ် ထားတာပဲဖြစ်ပါတယ်။
မြန်မာ့တပ်မတော်ဖွဲ့စည်းပုံထဲမှာတော့ လက်ရုံးတပ်ဖွဲ့(၆) ဆိုပြီး ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ ညွှန်ကြား ရေးမှူးရုံးဆိုပြီးဖော်ပြထားပါတယ်။ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေဟာ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေကို တပ်မတော်အတွင်းသွတ်သွင်းပြီး ဖွဲ့စည်းခဲ့တာလို့ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့အပြင် SSPP,RCSS ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ကလေးစစ်သားစုဆောင်းတာ ကောက်ယူနေတာရှိတယ်လို့ဒေသတွင်း သတင်းမီဒီယာ ဖော်ပြထားတာကို တွေ့ရပါတယ်။
#humanrights
#ကလေးစစ်သား
#သတင်းဆောင်းပါး
#ppv002